ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆ ။ ။ အရေခွံခွာ၊ အစွယ်ဖြတ်ပြီး အသတ်ခံထားရသည့် ဆင်အမ တစ်ကောင်အား ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း၊ မိုင်တိုင်အမှတ်(၆၀/၃) အနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆင်အား ဦးခေါင်းယာ ချိုစောင်း၊ ဝဲလည်ပင်းတို့တွင် တူမီးခဲသီး ဖောက်ဝင်ဒဏ်ရာ(၂)ချက်၊ အစွယ်ဖြတ်၊ နှာမောင်းပြတ်၊ အရေခွံများ ခွာထားလျှက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အသက် ၅ နှစ်အရွယ်ခန့်ရှိပြီး လုံးပတ် ၉ ပေ ၁ လက်မ၊ အရပ် ၅ ပေ ၁ဝ လက်မ၊ အလျား ၇ ပေ ၆ လက်မခန့် ရှိသော ဆင်မဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အဆိုပါ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း မိုင်တိုင်အမှတ်(၆ဝ/၃)၊ တောင်ဘက် (၁)မိုင်ခန့်အကွာ၊ ပဲခူးရိုးမတောင်ပေါ်တွင် ဆင်(၁)ကောင် သေဆုံးနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများ၊ ဒုတိရစ္ဆာန်ကုသရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ ယင်းဆင်သေအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ရှိခဲ့သည့် ဆင်သေအား အခင်းဖြစ်နေရာတွင် မီးသဂြိုလ်ခဲ့ပြီး လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သူအား စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။