အင်ဒိုနီးရှားတွင် အိုင်အက်စ်ဝါဒရေးရာ အဓိကလှုံ့ဆော်သူအား ရုံးတင်စစ်ဆေး

အင်ဒိုနီးရှားတွင် အိုင်အက်စ်ဝါဒရေးရာ အဓိကလှုံ့ဆော်သူအား ရုံးတင်စစ်ဆေး

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၅ ။         ။ ၂၀၁၆ ခုနှစ်အတွင်းက အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ဖြစ်ပွားသော အကြမ်းဖက်သမား လေးဦးအပါအဝင် လူပေါင်း ရှစ်ဦးသေဆုံးသော အသေခံဗုံးခွဲမှုနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုပြစ်မှုများဖြင့် အိုင်အက်စ်မူဝါဒရေးရာပညာရှင်တစ်ဦးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရုံးတင်စစ်ဆေးသည်။

အမန်းအဒူးရက်မန်းဟု လူသိများသော ဘာသာရေးခေါင်းဆောင် အိုမန်ရိုမန်းကို တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့များ အစောင့်အကြပ်ဖြင့် ဂျကာတာတရားရုံးတွင် ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားပါက ၎င်းအနေဖြင့် သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

အိုမန်ရိုမန်းသည် အိုင်အက်စ်၏ ဝါဒဖြန့်ကြေညာစာတမ်းများကို အင်ဒိုနီးရှားတွင် အဓိကဘာသာပြန်သူဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ်အတွင်းက စတင်ဖွဲ့စည်းသော လူနှစ်ဒါဇင်ကျော် ပါဝင်သည့် အင်ဒိုနီးရှားအစွန်းရောက်ကွန်ရက်ဖြစ်သည့် Jemaah Anshorut Daulah အဖွ့ဲ၏ မူဝါဒရေးရာ ခေါင်းဆောင်တစ်ဦးပဲ ဖြစ်ကြောင်း ရဲက ပြောသည်။

အိုမန်အား စွဲချက်တွင် ၎င်းသည် ဆီးရီးယားက အိုင်အက်စ်ခေါင်းဆောင်များ၏ အမိန့်ကို တစ်သွေမတိမ်း နာခံပြီး ဂျီဟတ်စစ်ပွဲ ဆင်နွဲရန်နှင့် ဥရောပမြို့များတွင် အိုင်အက်စ်တို့၏ အသေအကျေ များပြားသော တိုက်ခိုက်မှုများကို နည်းယူကာ ဆင်နွှွဲရန် Jemaah Anshorut Daulah အဖွဲ့ဝင်များအား သွေးထိုးနှိုးဆော်ခဲ့ကြောင်း ရှေ့နေများက လျှောက်လဲထားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ လူပြည့်သိပ်သော အကျဉ်းထောင်များအား ကြီးကြပ်မှု ချို့တဲ့ခြင်းကို အခွင့်ကောင်းယူကာ အိုမန်သည် ၎င်းအား ချုပ်နှောင်ထားသည့် အကျဉ်းထောင်အတွင်း အစွန်းရောက်ဝါဒများကို ဖြန့်ဝေသကဲ့သို့ အကျဉ်းထောင်သို့ လာရောက်လည်ပတ်သူများအပြင် အင်တာနက်ဗီဒီယို ခေါ်ဆိုမှုတို့မှတစ်ဆင့် ပြင်ပနှင့် အဆက်အသွယ်လုပ်နေကြောင်းလည်း ရှေ့နေများက စွဲဆိုထားသည်။

အိုမန်သည် အင်ဒိုနီးရှားနိုင်ငံအတွင်း ဖြစ်သွားသော တိုက်ခိုက်မှုတစ်ချို့တွင် စီစဉ်ညွှန်ကြားသူဖြစ်ကြောင်း ရှေ့နေများက ဆိုသည်။ မြို့တော်တွင်းရှိ လူသုံးဦး သေဆုံးခဲ့သော ဘတ်စ်ကားမှတ်တိုင်တစ်ခု တိုက်ခိုက်မှု၊ နှစ်နှစ်အရွယ် ကလေးမလေးတစ်ဦး သေဆုံးသော ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်မှု စသည့် တိုက်ခိုက်မှုများတွင် အိုမန်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရရှေ့နေများက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly