ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၂ ။ ။ ဆမ်ဂျီယွန်ဟုခေါ်သော မြောက်ကိုရီးယားသံစုံတီးဝိုင်းအဖွဲ့သည် တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ သမိုင်းဝင်ဖျော်ဖြေပွဲနှစ်ခု တီးမှုတ်ဖျော်ဖြေခဲ့အပြီး တနင်္လာနေ့တွင် ၎င်းတို့၏နေရပ်သို့ ပြန်သွားခဲ့သည်။
အဖွဲ့ဝင် ၁၄၀ ပါဝင်သည့် အဆိုပါသံစုံတီးဝိုင်းအဖွဲ့သည် တောင်ကိုရီးယား၌ဖျော်ဖြေရန်အတွက် အထူး ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်စခန်းကင်းမဲ့ဇုန်ကို ဖြတ်ကျော်၍ ဒေသ စံတော်ချိန်မနက် ၁၁း၃၀ နာရီခန့်တွင် နေရပ်သို့ပြန်သွားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက တင်ပြခဲ့သည်။
မြောက်ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ Moranbong ၏ အဖွဲ့ဝင်ဖြစ်သော ဟွန်ဆောင်းဝူလ်ဦးဆောင်သည့် သံစုံတီးဝိုင်းအဖွဲ့သည် ပြီးခဲ့သောကြာသာပတေးနေ့က ဂန်နန်မြို့၌ဖျော်ဖြေခဲ့သလို ဆိုးလ်မြို့ရှိ ကိုရီးယားအမျိုး သားပြဇာတ်ရုံ၌လည်း တနင်္ဂနွေနေ့က တီးမှုတ်ဖျော်ဖြေခဲ့သည်။
သူတို့အဖွဲ့သည် ၂၀၀၂ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား၌ ပထမဦးဆုံးအကြိမ်ဖျော်ဖြေသည့် မြောက်ကိုရီး ယား အနုပညာရှင်များဖြစ်ကြသည်။
ဆိုးလ်မြို့၌ကျင်းပခဲ့သော ဖျော်ဖြေပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်း၏ညီမဖြစ်သူ ကင်မ်ယိုဂျုံ တက်ရောက်ခဲ့ပြီး ပြုံယမ်းအစိုးရမှစေလွှတ်လိုက်သည့် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သော မြောက်ကိုရီးယား အမည်ခံခေါင်းဆောင် ကင်မ်ယုန်နမ်လည်း တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယားကိုယ်စားလှယ်ခေါင်းဆောင်နှစ်ဦးစလုံးသည် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်၏ နံဘေးတွင် အတူထိုင်ခဲ့ကြပြီး ကြည့်ရှုခဲ့ကြသည်။ ဒါ့အပြင် မွန်းဂျေးအင်အား ကင်မ်ဂျုံအမ်းနှင့်အတူ ပြုံယမ်း၌ ကျင်းပမည့် ထိပ်သီးစည်းဝေးပွဲသို့ တက်ရောက်ရန်အတွက်လည်း ဖိတ်ကြားခဲ့သည်။
ဆိုးလ်မြို့ရှိ ပြဇာတ်ရုံကြီးထဲတွင် ဆမ်ဂျီယွန်တီးဝိုင်းသည် တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ဖြစ်သည့် Girls’ Generation ၏ အဖွဲ့ဝင်ဖြစ်သူ Seohyun နှင့်အတူ “တို့ဆန္ဒမှာ ပြန်လည်ပေါင်းစည်းခြင်း” ဟု အမည်ရသော သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ကြသည်။