လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်လေးစားဆက်ဆံပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် တိုင်းရင်းသားရေးရာဝန်ကြီးတိုက်တွန်း

လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်လေးစားဆက်ဆံပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် တိုင်းရင်းသားရေးရာဝန်ကြီးတိုက်တွန်း
ဓာတ်ပုံ-မင်းမင်း၊ မဇ္ဈိမ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ။                       ။ ပြည်ထောင်စုကြီးအတွင်း ငြိမ်းချမ်းရေး ရရှိစေရန် လူမျိုး တစ်မျိုးနှင့်တစ်မျိုး လေးလေးစားစား ဆက်ဆံပြီး နေထိုင်ကြရန်  တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုက်တွန်းပြောကြားလိုက်သည်။

“အခုကနိုင်ငံရေးဆွေးနွေးဖို့ရာ အများကြီး အချိန် အခွင့်အရေးက ရနေတယ်။ကျွန်တော်တို့ ဒီ အချိန် ဒီအခါမှာ လူတစ်မျိုး အမျိုးမျိုး ယူဆမနေသင့်ဘူး။ ကိုယ့် အယူအဆကို တင်ပြမယ်။ သူများအယူအဆကိုလည်း ကိုယ်နားထောင်၊ ပြီးတော့ ညှိနှိုင်း စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းသွားမယ်ဆိုရင် ငြိမ်းချမ်းရေးက မရစရာ အကြောင်းမရှိဘူး”ဟု ၎င်းကပြောသည်။

ထို့အပြင် တစ်မျိုးသားလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြစ်သည့်(NCA) စားပွဲဝိုင်းများတွင် အားလုံး ဝင်ရောက်ပြီး ဆွေးနွေးပေးရန် တိုက်တွန်းခဲ့သည်။

“တစ်ခါတည်း စားပွဲထဲမှာ ဆွေးနွေးပါ ။ ဘယ်နေရာမှာ မတူလဲ၊ ဘယ်နေရာမှာ မမျှတလဲ ။ ဘယ်လို ဘာကြောင့် ဘယ်လိုတည်ဆောက်ရမလဲ  အဲ့ဒီလို တခါတလေ တစ်ယောက်နဲ့ တစ်ယောက် သည်းခံ စိတ်ရှည်ရှည် သည်းခံရပြီးတော့ ညှိနှိုင်း သွားမယ်ဆိုလို့ရှိရင် ဘုံသဘောတူညီချက် ကို ရလာမှာ” ဟု ဝန်ကြီးနိုင်သက်လွင်ကပြောကြားသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်သော ၇၁နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် ယင်းကဲသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ၇၁နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော် သမ္မတ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင်လည်း ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံသည့် ၂၁ရာစု ပင်လုံ ညီလာခံ ဆွေးနွေးပွဲမှ တဆင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို ရရှိစေပြီးပြည်တွင်းငြိမ်းချမ်းရေး ရရှိစေမည်ကို ယုံကြည်ကြောင်း ပါရှိပါသည်။

ထိုသို့ ငြိမ်းချမ်းရေး ရရှိစေရန် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည် ယုံကြည်မှု အထူးလိုအပ်ကြောင်း သမ္မတပေးပို့သော သဝဏ်လွှာတွင် ပါရှိပါသည်။

“ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ တိုင်းရင်းသား အချင်းချင်းအပြန်အလှန်ယုံကြည်မှု ရှိဖို့ပဲဖြစ်ပါတယ်။သို့ဖြစ်ခြင်းကြောင့် တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး သံသယ ကင်းတဲ့ အကြွင်းမဲ့ ယုံကြည်မှု ခိုင်မာတဲ့ စည်းလုံးမှု ချထားတဲ့ သန္ဓိာန် စိတ်တို့နဲ့ တွေ့ဆုံဆွေးနွေးညှိုနှိုင်း အဖြေရှာဖွေတဲ့ နည်းလမ်းဖြစ်စဉ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေး ပို့သော သဝဏ်လွှာတွင်ပါရှိပါသည်။

လာမည့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ်၏ လက်ထက်တွင် ပထမဆုံးအကြိမ် အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့နှင့် ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးမည် ဖြစ်သောကြောင့်  ယခင် ဦးသိန်းစိန် အစိုးရ လက်ထက် တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့နှင့်ပေါင်းလျှင် ၁၀ ဖွဲ့ရှိလာမည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ အကြား NCA စာချုပ်တွင်လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly