ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁ ။ ။ တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ် ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား အကြမ်းဖက်သူများမဟုတ်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်း မဟုတ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတအမိန့်ဖြင့် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်းပါ ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတရားအသင်းများအက်ဥပဒေအရ အဆိုပါ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU) တို့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်း များကို မတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရမည်ဆိုသော အချက်ပါရှိသည်။
လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ အကြား NCA စာချုပ်တွင်လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်သည်။
မွန်ပြည်သစ်ပါတီသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေသည့် အဖွဲ့လည်း ဖြစ်သည်။
UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ ပါဝင်သည်။
ရေးချောင်းဖျားရှိ မွန်တပ်စခန်းတနေတွင် တွေ့ရှိရသော မွန်ပြည်သစ်ပါတီ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ ( ရာမည)