ကျေးရွာအုပ်စုဂေါပကဖွဲ့စည်းရေး မဟနဆုံးဖြတ်ချက် မကျေနပ်၍ ဆန္ဒဖော်ထုတ်မည်

ကျေးရွာအုပ်စုဂေါပကဖွဲ့စည်းရေး မဟနဆုံးဖြတ်ချက် မကျေနပ်၍ ဆန္ဒဖော်ထုတ်မည်

ချောက် ဖေဖော်ဝါရီ ၁၁ ။               ။ မကွေးတိုင်း၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာ နယ်နိမိတ်အတွင်းရှိ ရှင်ပင်ဒီတိုးဘုရားကြီးဂေါပက အဖွဲ့ကို အခြားကျေးရွာဖြစ်သည့် ကြီးနီကျေးရွာကသာ ဂေါပကဖွဲ့စည်းဆောင်ရွက်ခွင့်ရှိကြောင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းကို မကျေနပ်သည့်အတွက် ဒေသခံကျေးရွာသားများ စုပေါင်း၍ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ချောက်မြို့ နယ်၊ သွေးနက်ကျေးရွာဘုန်းတော်ကြီးကျောင်း တွင် ဒေသခံ ကျေးရွာသား ၁၀၀ ကျော်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ရှင်ပင်ဒီတိုးဘုရားမြေသည် သွေးနက်ကျေးရွာပိုင် နယ်နိမိတ်တွင် တည်ရှိကြောင်း မြို့နယ်မြေစာရင်း က မြေစာရင်းပုံစံ (၁၀၅/၁၀၆) ဖြင့် ထောက်ခံထားသော်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြီးနီကျေးရွာကိုသာ ဂေါပကဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းသည် တစ်ဖက်သတ်ဆန်လွန်းသည် ဟု သွေးနက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာ တော် ဦးဝိသုတက မဇ္ဈိမသို့ မိန့်ကြားသည်။

" ဦးဇင်းတို့ သွေးနက်အုပ်စု၊ သွေးနက်ကျေးရွာ၊ နယ်နိမိတ်ထဲမှာ သာသနာ့နယ်မြေထဲမှာ ကွင်းအမှတ် ၁၅ တည်ထားတဲ့ ရှင်ပင်ဒီတိုးဘုရားကို ပိုင်ဆိုင်ရင် ဦးဇင်းတို့ပဲ ပိုင်ဆိုင်ရမှာ၊ အခုတော့ ဘာမှ မဆိုင်တဲ့ တစ်ဖက်ရွာကို အနိုင်ပေးတဲ့ အတွက် ဦးဇင်းတို့က မကျေနပ်ဘူး" ဟု မိန့်ကြားသည်။

ယင်းဘုရားကြီးသည် ကွင်းအမှတ် (၂၃၁၇)၊ ဦးပိုင်(၁၆)၊ ဧရိယာ(ဝ.၁၈)ဧကဖြင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆)ဖြင့် မြို့နယ်မြေစာရင်းဌာနက ထောက်ခံပေးခဲ့သည်။ သို့သော် ရှင်ပင်ဒီတိုးဘုရားကြီး၏ ထိန်းသိမ်းစောင့်ရှောက်ခွင့် အငြင်းပွားမှုအတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က အခြားကျေးရွာ ဖြစ်သည့် ကြီးနီကျေးရွာကသာ ဂေါပကဖွဲ့စည်းသင့်ကြောင်း ဆုံး ဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဘုရားနယ်နိမိတ်အငြင်းပွားမှုမှာ ၂၀၁၀ ခု နှစ်ကတည်းက ၈ နှစ်တိုင်ရှိပြီဖြစ်ကာ အငြင်းပွား သည့်နှစ် မှစ၍ ဘုရားပွဲမလုပ်ဖြစ်တော့ကြောင်း သိရသည်။ ထို့ပြင် ဘုရားနယ်မြေအငြင်းပွားခဲ့ပြီးနောက် ဂေါပကအဖွဲ့ ၂ ဖွဲ့ ရှိခဲ့ပြီး၊ ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က မကွေးတိုင်းဝန်ကြီးချုပ် ဘုန်းမော် ရွှေ အုပ်စုဂေါဖွဲ့ ညွှန်ကြားခဲ့သော်လည်း ညီညွတ်မှု မရှိသဖြင့် အထမမြောက်ခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့က ဒီကျေးရွာအုပ်စုမှာရှိတဲ့ ကြီးနီရွာ မပါဘဲ ကျန်တဲ့ ၄ ရွာက စုပေါင်းလက်မှတ်ရေးထိုး ပြီး တိုင်းဝန်ကြီးချုပ်ဆီစာတင်သွားဖို့ ရှိပါတယ်၊ နောက်ပြီး သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဆီလည်း စာတင်သွားမယ်၊ နောက်ပြီး လူထုအင့် အားနဲ့ ဆန္ဒဖော်ထုတ်ဖို့လည်း အစီအစဉ်ရှိပါတယ်" ဟု ချောင်းနက်ကျေးရွာသား ဦးအောင်သန်းက ပြောသည်။

ယင်းသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံး ဖြတ်ခဲ့ခြင်းသည် ကျေးရွာသားများအချင်းချင်း အဓိကရုန်းတွေဖြစ်လာနိုင်သည်ဟု သွေးနက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးငွေထွန်းက ပြော သည်။

" တကယ်တမ်းကျရင် ဒါက ဘာသာရေးကိစ္စ ဖြစ်တဲ့အတွက် အခုလို တစ်ဖက်နဲ့ တစ်ဖက် အရှုံးပေးလိုက်၊ အသာပေးလိုက်ဆိုရင် ဒါက ပြည်သူတွေက ဘာသာရေးပြသနာ အဓိကရုဏ်းတွေဖြစ်လာနိုင်တယ်၊ သွေးထွက်သံယိုတွေ ဖြစ်လာနိုင်တယ်၊ အေးချမ်းတည်ငြိမ်မှုမရှိနိုင်ဘူး၊ တင်းမာသည်ထက် တင်းမာအောင် ဖြစ်သွားတယ်၊ ကျွန်တော်တို့လည်း ထိန်းရတာ ခက်တယ်" ဟု သွေးနက် ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးငွေထွန်းက ပြောသည်။

ချောက်မြို့နယ်၊ အုပ်စုသွေးနက်စုကျေးရွာတွင် ယခု အငြင်းပွားနေသည့် ကြီးနီကျေးရွာအပါအဝင် သွေး နက်ရွာသစ်၊ ရေတွင်းချိုင့်၊ တရော်ကုန်း၊ နယ်ခြား ဟူ၍ ရွာပေါင်း ၆ ရွာပါဝင်၍ လူဦးရေ ၄၀၀၀ ကျော် နေထိုင်သည်။

ယခုအငြင်းပွားနေသည့် ရှင်ပင်ဒီတိုးဘုရားကြီး သည် မြန်မာ သက္ကရာဇ် ၄၅၄က အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပြီး၊ ယခုအခါ ဘုရားအား ၂ ဖက်ကျေးရွာသားများက သော့ခတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly