လူ၊ တံဆိပ်နှင့် အာမခံ ပြဿနာ

လူ၊ တံဆိပ်နှင့် အာမခံ ပြဿနာ

မျက်မှောက် မြန်မာ့နိုင်ငံရေးသည် အလွန်ပင် ရှုပ်ထွေးလျက် ရှိသည်။ ၁၉၄၈ ဇန်နဝါရီ ၄၊ ဗြိတိ သျှတို့ထံမှ လွတ်လပ်ရေး ရပြီးကတည်းက ကွဲခဲ့ကြသော၊ မငြိမ်းချမ်းခဲ့သော မြန်မာသည် ပြဿနာများ မရှင်းနိုင် ခဲ့သေးဘဲ ရှိခဲ့ရာမှ မကြာခင်ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတိုင်အောင်လည်း နိုင်ငံရေးရှုပ်ထွေးမှုများ ရှိနေဦးမည် ဖြစ်သည်။

နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ခြောက် ကြိမ်မြောက် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူ့ ကိုယ်စားလှယ်လောင်းဦးရေ စံချိန်တင် အဖြစ် ခြောက်ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ နယ်အတွက် ကိုယ်စားလှယ်လောင်းက ခြောက်ထောင်ကျော် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကိုယ်စားလှယ်လောင်း တစ်ဦး ချင်းတိုင်းသည် သင်္ချာနည်းအရ ပျမ်းမျှခြင်းအားဖြင့် ငါးလေး တစ်လေး နိုင်ခြေ ရှိနေ ကြသည်။

မြန်မာနိုင်ငံတွင် အဓိက အင်အားကြီး ပါတီကြီးနှစ်ခုဖြစ်သော အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) တို့က လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဤတွင် အင်န်အယ်လ်ဒီက လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းကို ပြောင်းလဲရန် လွှတ်တော်တွင်းသို့ အင်န်အယ်လ်ဒီ အရေအတွက် များနိုင်သမျှ များများရောက်ရှိမှသာ သမ္မတဦးဆောင် မည့် အစိုးရဖွဲ့စည်းရေးရော ဥပဒေ ပြု/ ပြင်ရေးတွက် ဥပဒေပြု မဏ္ဍိုင်ကို ထိန်းချုပ် ရေးအတွက်ပါ ထိထိမိမိ ဆောင်ရွက်နိုင်မည်ကို သဘောပေါက်သဖြင့် ကိုယ်စားလှယ်လောင်းကို မကြည့်ဘဲ ပါတီအလံတော်နှင့် ပါတီအမှတ်တံဆိပ်ကိုသာ ကြည့်ရှု မဲပေးကြပါရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲတိုင်းတွင် ဟောပြောခဲ့သည်။

မဲဆန္ဒနယ် ကွက်ကွက်ကိုသာ ကြည့်ပါက ကိုယ်စားလှယ်လောင်းက အရေးကြီးသည်။ ပြည်သူ့ ကိုယ်စားလှယ်လောင်းများ တော်၊ တည့်၊ ထက်မြက်မှသာလျှင် မဲဆန္ဒရှင်ပြည်သူများ အကျိုးများနိုင် ပေသည်။ မဲဆန္ဒနယ်နှင့် တိုင်းပြည်အကျိုးကို ယင်း တော်၊ တည့်၊ ထက်မြက်သူများဖြင့် ဖွဲ့စည်းထား သော လွှတ်တော်မျိုးကသာ ဆောင်ရွက်နိုင်ပေမည်။

သို့သော်လည်း မျက်မှောက် မြန်မာ့နိုင်ငံရေးသည် အထက်တွင် ဆိုခဲ့သည့်အတိုင်း အမြင်ရှင်း ရှင်းဖြင့် ကြည့်မြင်သုံးသပ်ရန် မရိုးရှင်း မလွယ်ကူလှပါ။ ပြည်သူများ မလိုလားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အထိုင်ပေါ် တည်ဆောက် ဖွဲ့တည်ထားသော သမ္မတနိုင်ငံ၏ အာဏာသုံးရပ်စလုံးသည် စစ်တပ်၏ လက်ထဲတွင် အများစုရှိနေပြီး လွှတ်တော်တွင်းတွင်လည်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မှာရွေးကောက်ပွဲ မဝင်ပါဘဲနှင့် အခန့်သား ဝင်ထိုင်နေကြသည်။

ပို၍ရှင်းလင်းစွာ ဆိုရသော် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ လွှတ်တော်တွင်း ထိုင်ခုံစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအတွက်သာ ကျင်းပခြင်းဖြစ်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် လွှတ်တော်ထိုင်ခုံ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းပြည့်အတွက်ပင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ပါ။ သို့သော် စစ်တပ်ကိုယ်စားလှယ်များမှာကား ပထမအကြိမ် လွှတ်တော်သက်တမ်း အတိုင်းပင် အကြိမ် ကြိမ် လူစားထိုး အပြောင်းအလဲအမျိုးမျိုးဖြင့် ၂၅ ရာခိုင်နှုန်းပြည့် တိတိကျကျ ဝင်ထိုင်ကြပါဦးမည်။

ထိုအချိန်တွင် လွှတ်တော်တွင်းသို့ အင်န်အယ်လ်ဒီက ထိုင်ခုံ အနည်းဆုံး ၇၀ ရာခိုင်နှုန်းဖြင့် ဝင်နိုင်ရန် မဲဆန္ဒနယ်အားလုံးပြည့်လုနီး တစ်နိုင်ငံလုံးအနှံ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး လူကို မကြည့်ဘဲ ပါတီအလံတော်နှင့် အမှတ်တံဆိပ်ကိုသာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည်က လူထုအား ဟောပြော စည်းရုံးနေခြင်း ဖြစ်သည်။ သို့သော် လွှတ်တော်တွင်း ရောက်ရှိလာမည့် အင်န်အယ်လ်ဒီအ မတ်များ အစဉ်အမြဲ အင်န်အယ်လ်ဒီဖြစ်မလား ဆိုသည်ကို မည်သူမျှ အာမခံနိုင်မည် မဟုတ်ပါ။

လူထုကို အမှန်တကယ် ကိုယ်စားပြုပြီး တိုင်းပြည်မျက်နှာကို ရိုးရိုးသားသား ကြည့်မည့် နိုင်ငံ ရေးပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် အနိုင်ရစေလိုပါသည်။

သို့သော် ပြည်သူများအရှုံးမထွက်မည့် အာမခံချက်ကို ပါတီကဖြစ်စေ၊ လူပုဂ္ဂိုလ်ကဖြစ်စေတိတိကျကျ ပေးစေချင်သည်။မျက်မှောက် မြန်မာ့နိုင်ငံရေးမှာ ရှုပ်ထွေးလွန်းလှသည်၊ ၂၀၁၅ အထွေထွေရွေးကောက် ပွဲအပြီး ပြည်သူများ မနစ်နာစေရေးအတွက် အာမခံချက် ရှိနေရေးကို မဇ္ဈိမ သည် မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags