မူးယစ်စစ်ပွဲနှင့်ပတ်သက်၍ အိုင်စီစီ ခုံရုံးက ၎င်းအပေါ် တရားစီရင်ပိုင်ခွင့် မရှိကြောင်း ဒူတာတေး ပြောကြား

မူးယစ်စစ်ပွဲနှင့်ပတ်သက်၍ အိုင်စီစီ ခုံရုံးက ၎င်းအပေါ် တရားစီရင်ပိုင်ခွင့် မရှိကြောင်း ဒူတာတေး ပြောကြား

ဖေဖော်ဝါရီ ၁၀ ။        ။ လူအသေအပျောက်များနေခဲ့သည့် ဖိလစ်ပိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်မှုခုံရုံးအနေဖြင့် ၎င်းအပေါ် တရားစီရင်ပိုင်ခွင့် မရှိကြောင်း သမ္မတ ရိုဒရီဂို ဒူတာတေးက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်တွင် ပြဌာန်းထားသည့် ဥပဒေများထဲတွင်လည်း မူးယစ်စစ်ပွဲအတွင်း သတ်ဖြတ်မှုများကို အထူးတလည် ပိတ်ပင်တားမြစ်ထားသည့် ဥပဒေမျိုး ရှိမနေကြောင်း ဒူတာတေးက ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၉ ရက်က ပြောဆိုခဲ့သည့် မိန့်ခွန်းတစ်ရပ်တွင် ဖိလစ်ပိုင်သမ္မတက နောက်ထပ် ခြိမ်းခြောက်ပြောဆိုမှုများကို ပြုလုပ်သွားခဲ့ပြီး ဖိလစ်ပိုင်အနေဖြင့် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စစ်ရာဇဝတ်မှုခုံရုံးမှလည်း နှုတ်ထွက်သွားနိုင်ကြောင်း ထပ်မံခြိမ်းခြောက်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဖိလစ်ပိုင် မူးယစ်စစ်ပွဲအတွင်း လူသားချင်း စာနာမှုကို ကျော်လွန်ဖောက်ဖျက်ကာ ပြစ်မှုများ ကျူးလွန်နေသည်ဆိုပြီး ယင်းနိုင်ငံအပေါ် ကနဦး စုံစမ်းစစ်ဆေးသွားတော့မည်ဟု သည်ဟိတ် တရားရုံးက ထုတ်ဖော်ကြေညာထားသည်။

ဖိလစ်ပိုင်တွင် သမ္မတ ဒူတာတေး အာဏာရလာပြီးကတည်းက ကြီးကြပ်လုပ်ဆောင်ထားခဲ့သည့် မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်း  လူပေါင်းအမြောက်အမြားသေဆုံးခဲ့၍ နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဝေဖန်ပြစ်တင်သံများ ကျယ်လောင်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly