ဖေဖော်ဝါရီ ၁၀ ။ ။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း နိုင်ငံသို့ လာရောက်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ထူးထူးခြားခြား ဖိတ်ကြားလိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင်၏ အဆိုပါ ဖိတ်ကြားချက်ကို တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် ၎င်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက တစ်ဆင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမငယ် ကင်မ်ယိုဂျုံမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတက်ရောက်ရန်အတွက် တောင်ကိုရီးယားသို့ သမိုင်းဝင်ခရီး ရောက်ရှိနေလျက်ရှိသည်။
ခေါင်းဆောင်ကြီး ကင်မ်ဘက်က ၎င်းတိ့ု၏ နိုင်ငံသို့ တောင်ကိုရီးယားသမ္မတအား တတ်နိုင်သမျှ အစောဆုံး လာရောက်စေချင်ပြီး ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးမှုများကို လုပ်ဆောင်ချင်လျက်ရှိကြောင်း အိမ်ပြာတော် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသွားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်က ဖွင့်လှစ်ခဲ့သော ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပွဲနှင့်စပ်လျင်း၍ နျူကလီးယားလက်နက်တပ်ဆင်ထားသည့် မြောက်ကိုရီးယားတို့ဘက်က နွေးထွေးရင်းနှီးသည့် ဆက်ဆံရေးကို ချပြထားခဲ့ပြီး ယင်းပြိုင်ပွဲသို့ အားကစားသမားများ စေလွှတ်ပါဝင်စေခြင်း၊ ခေါင်းဆောင်ကြီး ကင်မ်၏ ညီမကိုယ်တိုင် ပါဝင်တက်ရောက်စေခြင်းတို့ကို မြင်တွေ့ထားခဲ့ရသည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် ကင်မ်ယိုဂျုံနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ သမိုင်းဝင် လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံအဆင့်မြင့်တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။