အလောင်းတော်ကဿပ ဘုရားဖူးယာဉ်လိုင်းများ ခရီးသည် နည်းပါး

အလောင်းတော်ကဿပ ဘုရားဖူးယာဉ်လိုင်းများ ခရီးသည် နည်းပါး

မုံရွာ၊ ဖေဖော်ဝါရီ ၉။                   ။ မုံရွာမြို့မှ အလောင်းတော်ကဿပဘုရားဖူးရာသီတွင် ပြေးဆွဲနေသော ဘုရားဖူးယာဉ်လိုင်းများအနေဖြင့် ဘုရားဖူးခရီးသည် နည်းပါးလျှက်ရှိနေကြောင်း ဘုရားဖူးယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။

အလောင်းတော်ကဿပဘုရားဖူးရာသီတွင် ယမန်နှစ်က ရာသီတစ်ဝက်ကျော်ချိန်၌ အကြိမ် ၅၀၀ ခန့် ကားပြေးဆွဲခဲ့ရပြီး ယခုနှစ်၌ အကြိမ် ၂၀၀ ခန့်သာ ကားပြေးဆွဲရသေးကြောင်း သိရသည်။

"ကိုယ်ပိုင်ကားတွေနဲ့တောင်ပေါ်တက်ရင်တော့ မပြောတတ်ဘူး၊ ဒါပေမယ့် ယာဉ်လိုင်းတွေအနေနဲ့ ပြေးဆွဲရမှုကတော့ တော်တော်လေးနည်းသေးတယ်၊ တချို့ တစ်ခေါက်မှမပြေးရသေးလဲ ယာဉ်လိုင်းတွေလည်း ရှိနေသေးတယ်။" ဟု အလောင်းတော်ကသပဘုရားဖူးယာဉ်လိုင်းအား မုံရွာမြို့၌ ပထမဆုံးစတင်လုပ်ကိုင်ခဲ့သူ ဦးညိုဝင်းက ပြောသည်။

အလောင်းတော်ကဿပ ဘုရားဖူးရာသီသည် နှစ်စဉ် ဇန်နဝါရီလမှ ဇွန်လဆန်းအထိ သတ်မှတ်ထားပြီး မိုးဦးကျချိန်တွင် ဘုရားဖူးရာသီရပ်နားခြင်းဖြစ်သည်။

မုံရွာမြို့ရှိ ဘုရားဖူးယာဉ်လိုင်းများတွင် ဘုရားဖူးသွားရောက်သူမှာ သိသိသာသာပင် နည်းပါးနေပြီး ယမန်နှစ်က ဘုရားဖူးရာသီတစ်ခုလုံး၌ ခေါက်ရေ ၁၀၀၀ ကျော်ခန့်ပြေးဆွဲခဲ့ရကြောင်း၊ ယခုနှစ်၌ ရာသီတစ်ဝက်ကျိုးချိန်ထိ ပင် လုံးဝမပြေးဆွဲရသေးသော ယာဉ်လိုင်းများလည်း ရှိနေကြောင်း ၎င်းကပြောသည်။

မုံရွာမြို့မှ အလောင်းတော်ကဿပသို့ ပြေးဆွဲနေသော ဘုရားဖူးယာဉ်လိုင်းများ စုစုပေါင်း ၁၉ ဂိတ် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ  ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းအတွက် ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်သည်။

အလောင်းတော်ကဿပ သည် စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ခရီးသွားဇုန်အဖြစ်သတ်မှတ်ထားသော နေရာတစ်ခုဖြစ်ပြီး မုံရွာမြို့မှ   နေ့ချင်းပြန်သွားရောက်နိုင်သော ဒေသတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly