တမူး နန်းဖာလုံစျေး မီးလောင်ကျွမ်းမှု ယာယီစျေးတည်ဆောက်သွားမည်

တမူး နန်းဖာလုံစျေး မီးလောင်ကျွမ်းမှု ယာယီစျေးတည်ဆောက်သွားမည်

 

ဖေဖော်ဝါရီ ၉ ။                 ။ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် နန်းဖာလုံဈေး မီးလောင်ကျွမ်းမှုအတွက် ယာယီဈေး တည်ဆောက်သွား မည် ဖြစ်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် နန်းဖာလုံယာယီဈေး တည်ဆောက်မည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ဆယ်နာရီခန့် က နန်းဖာလုံဈေး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုတွင် တန်ဖိုး သိန်း ၁၇၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးတို့ ယာယီဈေး တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

နန်းဖာလုံယာယီဈေးတည်ဆောက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ငွေကျပ် သိန်း ၂၁၀ ထောက်ပံ့ ကူညီခဲ့ပြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက နန်းဖာလုံဈေး မီးလောင်မှု ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးနှင့် တာဝန်ရှိသူများက မီးလောင်ရာနေရာများသို့ လာရောက်စစ်ဆေးခဲ့သည်။

အိန္ဒိယဘက်မှ မဏိပူရ်ဝန်ကြီးချုပ်၏ ကိုယ်စားလှယ် မစ္စတာချန်ဒရာရှီးဗားလာရောက်ကြည့်ရှုခဲ့ပြီး အဆိုပါမီးလောင်မှုအတွက် စိတ်မကောင်းကြောင်း၊ နန်းဖာလုံဈေးပြန်လည်ထူထောင်မှုတွင် ကူညီမည်ဖြစ်ကြောင်း ယမန်နေ့က ပြောခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် တမူးနန်းဖာလုံဈေး တောင်ဘက်တစ်ခြမ်းလုံး ပြာကျခဲ့ပြီး မြောက်ဘက် တစ်ခြမ်းသာ ကျန်ရှိခဲ့ခြင်းဖြစ်ကာ အဆိုပါဈေးသည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အားထားရသော ဈေးတစ်ဈေး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly