တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို အချိန်အခါသင့်လျင် အများပိုင်အသွင်ပြောင်းမည်

တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို အချိန်အခါသင့်လျင် အများပိုင်အသွင်ပြောင်းမည်
ဓါတ်ပုံ - Mm.presscouncil

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို လိုအပ်ချက်အရ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သြဂုတ် ၂၄ တွင်ပြောကြားလိုက်သည်။

 

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) MPC နှင့် စတုတ္တအကြိမ် တွေ့ဆုံရာတွင် ယင်းသို့ပြောကြားကြောင်း MPC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အချိန်အခါသင့်သည့်အခါ အများပိုင်လုပ်ငန်းများအဖြစ် အသွင်ပြောင်းလဲဆောင်ရွက်သွားမည်" ဟု ဆိုသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သြဂုတ် ၂၁ ရက်ကလည်း ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာနနှင့် တွေ့ဆုံဖြေကြားမှုများ ပြုလုပ်ခဲ့သေးသည်။

 

တွေ့ဆုံစဉ် တပ်မတော်အနေဖြင့် စီးပွားရေးလုပ်ခြင်းသည် မြန်မာတစ်နိုင်တည်း မဟုတ်ဘဲ ပြည်ပနိုင်ငံများတွင်လည်း ရှိနေပြီး "နာမည်ထွက်တာနဲ့ မထွက်တာ တစ်ခုပဲ ကွာတာပေါ့။" ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာနကိုလည်း ပြောဆိုထားသည်။

 

မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့ တပ်မတော်ပိုင်များဖြစ်ပြီး မြန်မာစီးပွားရေး ဦးပိုင်လီမိတက်သည် တပ်မတော်သားများ/စစ်မှုထမ်းဟောင်းများနှင့် ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ ပြည်သူလူထု သက်သာချောင်ချိရေးကို အထောက်အကူ ဖြစ်စေရေးနှင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေရေး ဆိုသည့် ရည်ရွယ်ချက်များရှိသည်ဟု ဆိုသည်။

 

မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ရည်ရွယ်ချက်၌ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုက်တက်မှုကို အထောက်အကူပြုစေရန်၊ တပ်မတော် အသုံးစရိတ်များကို လျော့နည်းသက်သာစေရန်နှင့် တပ်မတော်အတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရန်တို့ပါဝင်သည်။

 

"အရင်တုန်းကတော့ ကျွန်တော်တို့ ဘက်ကို အခွင့်အရေးပေးတာ ရှိပါတယ်။ ဒါ ကျွန်တော်တို့ မငြင်းပါဘူး။ သို့သော်လည်းပဲ ပေးသင့်ပေးထိုက်တဲ့ အခွန်တွေကတော့ ကျွန်တော်တို့ ပေးရတယ်။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ဥပဒေအရ ပေးထားတဲ့ သတ်မှတ်ထားတဲ့ အခွန်အားလုံး ကျွန်တော်တို့ ဆောင်ရတယ်။ ဘီလျံနဲ့ချီပြီးတော့ ကျွန်တော်တို့ ပေးရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခွင့်အရေးတစ်ခုယူပြီး ဆောင်ရွက်နေတယ် ဆိုတာတော့ မဟုတ်ပါဘူး။" ဟု ဗိုလ်ချုပ်မှူးကြီးက Asahi Shimbun သတင်းဌာနကို ပြောသည်။

 

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ MPC နှင့် သြဂုတ် ၂၄ ၌ တွေ့ဆုံရာတွင်မူ တပ်မတော်စီးပွားရေးကိစ္စအပြင် ပြည်ခိုင်ဖြိုးပါတီတွင်းကိစ္စမှာ တပ်မတော်နှင့် မသက်ဆိုင်ကြောင်း၊ တပ်ဖွဲ့ဝင်များကိုလည်း လွတ်လပ်စွာ ရွေးချယ်မဲပေးနိုင်သည်ဟု ရှင်းပြထားကြောင်း ထည့်သွင်းပြောကြားသည်။

 

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ဆက်စပ်၍လည်း ပြောဆိုမှုများရှိပြီး "ဖက်ဒရယ်တပ်မတော်" ဟူသည်မှာ နိုင်ငံ၏ အခြေအနေနှင့် မကိုက်ညီ၍ လက်မခံနိုင်ကြောင်း ပြောသည်ဟု MPC ထုတ်ပြန်ချက်အရသိရသည်။ သို့သော် အပစ်အခတ် ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ရန်အတွက်မူ ညှိနှိုင်းဆောင်ရွက်သွားမည်ဟုဆိုသည်။

 

တပ်မတော်က သိမ်းဆည်းထားသည့်လယ်မြေများမှ ဧက နှစ်သိန်းကျော်ကို ပြန်စွန့်လွှတ်ပြီးဖြစ်ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly