နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲဆိုခံထားရသည့် ထိုင်းအစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြသူများက ရဲလက်သို့ ကိုယ်တိုင် လာရောက်ရင်ဆိုင်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲဆိုခံထားရသည့် ထိုင်းအစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြသူများက ရဲလက်သို့ ကိုယ်တိုင် လာရောက်ရင်ဆိုင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ။          ။ ထိုင်းစစ်အစိုးရအား နုတ်ထွက်ပြီး ရွေးကောက်ပွဲမှတစ်ဆင့် အာဏာလက်လွှတ်ရန် တောင်းဆိုဆန္ဒပြမှုဖြင့် စွဲဆိုခံထားရသသည့် တက်ကြွလှုပ်ရှားသူများက ဖေဖော်ဝါရီ ၈ ရက်တွင် ရဲထံသို့ ၎င်းတို့ကိုယ်တိုင် လာရောက်ရင်ဆိုင်ခဲ့ကြသည်။

အမှုတင်  စွဲဆိုခံထားရသူ တက်ကြွလှုပ်ရှားသူ ၃၉ ဦးတွင် ၃၆ ဦးက သမ္မန်ဆင့်ခေါ်ချက်ကို လိုက်နာလျက် ရဲထံသို့ ကိုယ်တိုင်လာရောက် အကြောင်းကြားကြောင်း ပတ်သွမ်ဌာနီရဲစခန်းမှ အကြီးတန်းတာဝန်ရှိသူ ဝန်ချိုင်းရောင်ချာရွန်က ပြောသည်။

အဆိုပါ တက်ကြွလှုပ်ရှားသူများကို တားမြစ်ထားသည့် နိုင်ငံရေးစုရုံးမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပါ စွဲချက် ကိုးချက်တို့ဖြင့် စွဲဆိုခံထားရခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့မှ ဆိုရာဝတ်က ဆိုသည်။

ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွင်းက ရွေးကောက်ခံအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။

ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများမှ တစ်ရပ်ဖြစ်သော လူငါးဦးထက်ပိုသည့် နိုင်ငံရေးဆက်နွယ် လူစုရုံးမှုကို ထိုင်းစစ်အစိုးရက တားမြစ်ပြဌာန်ထားသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု သို့မဟုတ် နိုင်ငံ၏ ဥပဒေများ အပြောင်းအလဲဖြစ်အောင် တရားမဝင် ကြိုးပမ်းအားထုတ်မှု ပြစ်ဒဏ်မှာလည်း ထောင်ဒဏ် ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည်။

တက်ကြွလှုပ်ရှားသူများမှ တစ်ဦးဖြစ်သူက ၎င်းတို့မှာ အဆန်းထွင်ပြီး ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အပ်နှံခြင်း မဟုတ်ကြောင်း၊ ဖေဖော်ဝါရီ ၁၀ ရက် ရွေးကောက်ပွဲများအတွက် နောက်ထပ်လူစုရုံးမှုများ လုပ်ဆောင်နိုင်ရန် ရဲစခန်းက ထုတ်ထားသည့် သမ္မန်ဆင့်ခေါ်ချက်ကို ထိထိရောက်ရောက် ချေဖျက်ရှောင်ရှားနိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags