၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ရ၉ နှစ်မြောက် အခမ်းအနားပြုလုပ်မည်

၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ရ၉ နှစ်မြောက် အခမ်းအနားပြုလုပ်မည်
 

မန္တလေး၊ဖေဖော်ဝါရီ ၆ ။                 ။ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်၊ သူကြွယ်ကုန်းတွင်ရှိသည့် အာဇာနည်ဗိမာန်တွင် ၁၃၀၀ အရေးတော်ပုံ၌ ကျဆုံးသွားခဲ့သည့် အာဇာနည် ၁၇ ဦး၏ ၇၉နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်မှာ ပြုလုပ်သွားမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှပြန်ကြားရေးတာဝန်ခံ ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။

အဆိုပါအခမ်းအနားတွင် အာဇာနည် ၁၇ ဦးကို ရည်စူး၍ သံဃာ ၁၇ ပါးအားဆွမ်းကပ်ခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ စသည့် အဖွဲ့အစည်းများတက်ရောက် အလေးပြုကြမည် ဖြစ်ပြီး အာဇာနည် ၁၇ ဦးတို့၏ မိသာစုဝင်အချို့လည်း တက်ရောက် ဂါရဝပြုမည်ကြမည်ဖြစ်ကြောင်းသိရသည်။

"သမိုင်းကို မမေ့အောင်။ ထာဝရ သတိရနေအောင် လုပ်တာပါ။ အစဉ်လာမပျက်ဘဲ။လာမယ့် နှစ် ၈၀ ပြည့် ကိုတော့ ခမ်းခမ်းနားနား ကျင်းပသွားဖို့ စီစဉ်နေပါတယ်။"ဟု ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းကာလတွင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံးက တစ်ပြည်လုံး အတိုင်းအတာနှင့် တညီတညွတ်တည်း ဆင်နွှဲခဲ့သည့် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး၌ မန္တလေးတွင်လည်း အစိုးရက ကြိုတင်တားဆီးမှုများ၊ကန့်သတ်ချက်များ၊ ဥပဒေများ စသည်တို့ကို ထုတ်ပြန်ခဲ့ကြပြီး ခေါင်းဆောင် ကျောင်းသားများကို ဖမ်းဆီးခဲ့ကြခြင်းကြောင့် ရဟန်းသံဃာများ ဦးဆောင်ပြီး မြို့လုံးကျွတ် သပိတ်မှောက်ခဲ့ကြသည်။ထို့အပြင် သောင်းချီသည့် လူထုကပါချီတက်ဆန္ဒပြ ခဲ့ကြသည်။ ထိုကဲ့သို့ ဆန္ဒပြချီတက်လာသည်ကို နယ်ချဲ့အစိုးရက ၂၆ ဘီလမ်းမပေါ်တွင် ပစ်ခတ်နှိမ်နင်းရာ စုစုပေါင်း ရဟန်းအာဇာနည် ခုနစ်ပါးနှင့် ကျောင်းသား ပြည်သူ အာဇာနည် ၁ဝ ဦး စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရ ကြောင်းသိရသည်။

ကျဆုံးသွားသည့် အာဇာနည် ၁၇ ဦး၏ ရုပ်ကလာပ်တွေကို တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် မြို့လူထုကပင် မြေနေရာလှူ ဒါန်းပြီး မြို့လူထုကပင် အခမ်းအနားဖြင့် ပရိသတ် နှစ်သိန်းကျော် တက်ရောက်ဂါရဝပြုကြကာ မြှုပ်နှံသြင်္ဂိုဟ်ခဲ့ကြသည်။

ထိုနေရာ၌ မြို့လူထု၏ ထည့်ဝင်အလှူငွေများနှင့် အာဇာနည် မိသားစုဝင်တို့မှထည့်ဝင်သည့် အလှူငွေများဖြင့် 'အာဇာနည်ဗိမာန်'ကို တည်ဆောက်ခဲ့ကြသည်။ မြို့လူထုက နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ ရောက်တိုင်း အမှတ်တရအခမ်းအနား ကျင်းပခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းနှင့်ဆွမ်းကပ် အမျှအတန်းဝေခြင်း၊ အလေးပြုခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့ကြရာ စစ်အစိုးရလက်ထက်တွင် တားဆီးပိတ်ပင်မှုများရှိခဲ့သော်လည်း မြို့လူထု နှစ်စဉ်ပြုလုပ်ခဲ့ကြသည်။

အစိုးသစ်လက်ထက်တွင် အာဇာနည် ၁၇ ဦးဗိမ္မာန်ကို ပြုပြင်မှုများပြုလုပ်ခွင့်ရခဲ့ပြီး ခမ်းနားစွာ ကျင်းပခွင့်လည်း ရရှိခဲ့သလို လွှတ်တော်ကိုယ်စားလှယ်များနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့လည်း တက်ရောက် ဂါရဝပြုခဲ့ကြ သည်။

(၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦးအကြောင်းအချက်အလက်များကို ဆရာဆူးငှက်ရေးသားထားသည့်" သမိုင်းတွင်စေရန် မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန် "ဆောင်းပါးမှ ရယူထားသည်)

https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly