ဖေဖော်ဝါရီ ၅၊ လီဗာပူးလ်။ ။ စပါးအသင်းမှ ဟာရီကိန်းနှင့် လာမယ်လာတို့မှာ ဒိုက်ဗင်သမားများ (ဟန်ဆောင်လှဲချသူများ) ဖြစ်သည်ဟု လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က ပြောဆိုလိုက်သည်။
မိနစ်အနည်းငယ်ခန့်က ပထမပင်နယ်တီကိုလွဲခဲ့သည့်ကိန်းသည် ပွဲချိန် ၉၅ မိနစ်တွင် ၎င်း၏ပရီးမီးယားလိဂ်ရာပြည့်ဂိုးကို ဒုတိယအကြိမ်ရရှိသည့်ပင်နယ်တီမှသွင်းယူပြီး စပါးအတွက် သရေတစ်မှတ်ရယူပေးခဲ့သည်။
ပထမအကြိမ်ရရှိခဲ့သည့် ပင်နယ်တီမှာ ကိန်းနှင့် လီဗာပူးလ်ဂိုးသမား ကေးရီးယက်စ်တို့ရင်ဆိုင်အတွေ့တွင်ရရှိခဲ့ခြင်းဖြစ်ပြီး ရုပ်သံပြကွက်များအရ အငြင်းပွားစရာဖြစ်ခဲ့ကာ ယင်းပယ်နယ်တီကို ကေးရီးယက်စ်ကာကွယ်နိုင်ခဲ့သည်။
ဒုတိယအကြိမ်ပင်နယ်တီမှာ ဗန်ဒိုက်နှင့် လာမယ်လာတို့ဘောလုံးလုရာ လာမယ်လာလဲကျသွားခြင်းကို ကနဦး၌ကွင်းလယ်ဒိုင်က မပေးသော်လည်း စည်းကြပ်ဒိုင်က ပင်နယ်တီပေးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှာလည်း အငြင်းပွားစရာဖြစ်ခဲ့ရသည်။
ဗန်ဒိုက်က “ဟန်ဆောင်လှဲချခဲ့တာပါ။ ကိန်း ဟန်ဆောင်လှဲချခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေမယ့် ဘယ်သူမှမပြောခဲ့ကြဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဟန်ဆောင်လှဲချတာလို့ပဲ ထင်ပါတယ်။
လူကျွံဘောဟုတ်၊ မဟုတ်ငြင်းခုန်နေကြတာတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ လူကျွံဘောလို့ပဲထင်တယ်။ ဟန်ဆောင် လှဲချတာလို့ပဲထင်တယ်။ ဒိုင်ကတော့ လူကျွံလည်းမဟုတ် ဟန်ဆောင်လှဲချတာလည်းမဟုတ်လို့ဆုံးဖြတ်ပြီး ပင်နယ်တီပေးလိုက် တယ်။
ဒုတိယအလုံးကျ လာမယ်လာဝင်လာတာသိလို့ ကျွန်တော်ခြေထောက်ကိုရုတ်လိုက်ပေမယ့် ဘောလုံးရှေ့မှာလာပြီး လှဲချလိုက်တယ်။ ဒိုင်ကဆက်ကစားဖို့အချက်ပြပေမယ့် စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ရတယ်။ နှစ်လုံးစလုံးက လုံးဝ ပင်နယ်တီမပေးသင့်တာပါ”ဟု ပြောသည်။
Ref; goal.com