လူမျိုးရေးခွဲခြားသူ အီတလီတစ်ဦး၏ လက်ချက်ကြောင့် အာဖရိကန် ၆ ဦးခန့် ဒဏ်ရာရရှိ

လူမျိုးရေးခွဲခြားသူ အီတလီတစ်ဦး၏ လက်ချက်ကြောင့် အာဖရိကန် ၆ ဦးခန့် ဒဏ်ရာရရှိ

မာစာရာတာ၊ အီတလီ၊ ဖေဖေါ်ဝါရီ၄ ။             ။ အီတလီနိုင်ငံအလယ်ပိုင်းတွင် စနေနေ့က အီတလီအမျိုးသားတစ်ဦး၏ သေနတ်နှင့်ပစ်ခတ်မှုကြောင့် အာဖရိကန် ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကဆိုခဲ့ပြီး ယင်းလုပ်ရပ်သည် လူမျိုးရေးခွဲခြားသော  အမုန်းတရားကြောင့် ကျူးလွန်ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုခဲ့သည်။

ယင်းပစ်ခတ်မှုသည် အသက် ၁၈ နှစ်အရွယ် အီတလီအမျိုးသမီးလေးတစ်ဦး နိုင်ဂျီးရီးယားရွှေ့ပြောင်းနေထိုင်သူ တစ်ဦး၏လက်ချက်ကြောင့် သေဆုံးခဲ့ရပြီးနောက် ရက်ပိုင်းအကြာတွင်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

အာဖရိကန်များကို သေနတ်နှင့်ပစ်ခတ်ခဲ့သူသည် အသက် ၂၈ နှစ်အရွယ်ရှိ လူကာထရာအီနီအမည်ရှိ အီတလီ အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ကိုရဲများကမဖမ်းဆီးမီတွင် သူသည် အီတလီနိုင်ငံအလံကို သူ၏ပခုံးပေါ်၌လွှမ်းခြုံ ထားပြီး “အီတလီနိုင်ငံကြီး အဓွန့်ရှည်ပါစေ” ဟု ဖက်ဆစ်ဆန်ဆန် အလေးပြုခဲ့ကြောင်း သိရသည်။

သူ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများမှာ အာဖရိကန် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ဦးတို့ဖြစ်ကြပြီး ၎င်းတို့မှာ ဂါနာ၊ မာလီနှင့် နိုင်ဂျီးရီးယားတို့မှဖြစ်ကြောင်း သိရသည်။

အီတလီပြည်ထဲရေးဝန်ကြီး မာခရိုမင်နီတီက ယင်းတိုက်ခိုက်မှုသည် ဖက်ဆစ်နှင့်နာဇီဝါဒတို့ကို လက်ခံသော လက်ယာစွန်းရောက်များနှင့် ဆက်နွယ်ပြီး လူမျိုးရေးခွဲခြားမှုစိတ်ဓာတ်ကြောင့် ယခုလိုရာဇဝတ်မှုကို ကျူးလွန်ခဲ့ ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

လူကာထရာအီနီသည် အခင်းဖြစ်ပွားရာ မာဆာရာတာမြို့အတွင်းရှိ နေရာ ၈ နေရာတွင် သေနတ်ပစ်ခတ်ခဲ့ပြီး လက်ဝဲဒီမိုကရက်တစ်ပါတီရုံးကိုလည်း ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ကြောင်း သတင်းဌာနများ၏ တင်ပြချက်အရ သိရသည်။

“သူ့ရဲ့လုပ်ရပ်ကြောင့် လူ ၆ဦးဒဏ်ရာရရှိခဲ့ပြီး အားလုံးဟာ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်” ဟု မြို့တော်ဝန် ရိုမာနိုကာရာစီနီက ဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဒဏ်ရာရသူများမှာ နိုင်ငံခြားမှလာသူများဖြစ်ကြပြီး တရားခံမှာ အီတလီအမျိုးသားတစ်ဦးဖြစ်သည်ဟု တွစ်တာမှတဆင့် အတည်ပြုခဲ့သည်။

အီတလီဝန်ကြီးချုပ် ပါအိုလိုဂျန်တီလိုနီကလည်း အီတလီနိုင်ငံသည် အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်သော မည်သူ့ကိုမဆို ကြီးလေးသောပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly