မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ စည်းကမ်းနှင့်အညီမောင်းနှင်ရန် ပညာပေးဆွေးနွေးမှုများ ဆောင်ရွက်နေ

မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ စည်းကမ်းနှင့်အညီမောင်းနှင်ရန် ပညာပေးဆွေးနွေးမှုများ ဆောင်ရွက်နေ
(ဓာတ်ပုံ၊ရဲအုပ်အောင်ကျော်မိုး)

 

မန္တလေး၊ဖေဖော်ဝါရီ ၃ ။            ။ မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီမောင်းနှင်ရန် အသိပညာပေးဟောပြောမှုများကို အမှတ်(၈၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီးမြို့နယ်)က ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ ဆောင်ရွက်လျှက်ရှိသည်ဟု ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်စိတ်မှူး ရဲအုပ်အောင်ကျော်မိုးကပြောသည်။

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ကျောက်ချောကျေးရွာ၊မန္တလေး-ပြင်ဦးလွင်ကားလမ်း တမာတောင်အနီးတွင် မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ် ၄၅ စီးမှယာဉ်မောင်း၊ယာဉ်အကူ၊ယာဉ်လုပ်သား စုစုပေါင်း ၈၅ ဦးအား အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အများပြည်သူသွားလာ နေသည့်လမ်းမပေါ်၌လမ်းခံနိုင်ဝန်အားထက် ပိုမိုတင်ဆောင်ခြင်း မပြုရန်၊မြေ၊ကျောက်များလမ်းမပေါ်သို့ဖိတ်စင်ကျခြင်းမဖြစ်စေရန်အတွက် လုံခြုံစွာ ဖုံးဖိသယ်ဆောင်ရန်၊ အများပြည်သူစိတ်ငြို ငြင်၊စိတ် အနှောင့်အယှက်မဖြစ်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ကိုမထိခိုက်စေရန်တို့အတွက် စနစ်တကျ သယ်ဆောင်ရန် ရဲအုပ်အောင်ကျော်မိုးက မြေသယ်ယာဉ်၊   ကျောက်သယ်ယာဉ် အသုံးပြုသူများကို ဟောပြောဆွေးနွေးသည်။

ရဲအုပ်အောင်ကျော်မိုးက အရှိန်ပြင်း စွာမောင်းနှင်ခြင်း။လမ်းပိတ်မောင်းခြင်း၊ပြိုင်မောင်း၊လုမောင်းခြင်း မပြုရန်၊လူစည် ကားရာလမ်းများ(ဈေး၊စာသင်ကျောင်း)တို့တွင် အချိန်ကြာမြင့်စွာ ရပ်နားခြင်းမပြုရန်၊  သတ်မှတ်ခွင့်ပြုထားသည့် လမ်း အတိုင်းသာ မောင်းနှင်သွားလာရန်၊သတ်မှတ်ယာဉ် မောင်းလိုင်စင်ဖြင့်သာ မောင်းနှင်ရန်၊ အရက်သေစာသောက်စားမောင်းနှင်ခြင်း မပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

 အမှတ်(၈၆)ရဲထိန်းရဲတပ်ဖွဲ့စု(ပုသိမ်ကြီးမြို့နယ်)အနေဖြင့် မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းလမ်းနာနိုင်ရေးနှင့်ယာဉ်မတော်တဆမှုများလျှော့နည်းစေရန်အတွက် ပညာပေးဟောပြောဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly