Programming ပညာကို ကမာရွတ် TTCတွင် နှစ်ရက်တာ အခမဲ့သင်ကြားပေး

Programming ပညာကို ကမာရွတ် TTCတွင် နှစ်ရက်တာ အခမဲ့သင်ကြားပေး

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ၊ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC ကမာရွတ်)တွင် MSEA(Myanmar Stem Engineering Association)အဖွဲ့မှ Programming ပညာကို ဇန်နဝါရီ ၃၀ရက်နေ့နှင့် ၃၁ရက်များ၌ အခမဲ့သင်ကြားပေးခဲ့သည်။

Programmingကို ဘာသာရပ်တစ်ခုအနေဖြင့် အမေရိကန်၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် ဥရောပနိုင်ငံများတွင် ထည့်သွင်းသင်ကြားပေးရန် ဆောင်ရွက်နေကြပြီး ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ခုနှစ်များတွင် ကျောင်းများ၌ အခမဲ့လိုက်လံသင်ကြားပေးသွားမည်ဟု MSEA(Myanmar Stem Engineering Association)မှ ဒါရိုက်တာနှင့် ပူးတွဲတည်ထောင်သူ ကိုအောင်နိုင်ဦးကပြောသည်။

မြန်မာနိုင်ငံပညာရေးစနစ်တွင် Programming ကို သင်ကြားပေးသင့်သော်လည်း မြန်မာနိုင်ငံတွင် အထောက်အကူပြုပစ္စည်း လိုအပ်ချက်များရှိနေသည်ဟု ရန်ကုန်ပညာရေးတက္ကသိုလ်   လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်မိုးမြင့် ကဆိုသည်။

Programming ကို ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားရန်ရှိမရှိမေးမြန်းရာ "ရှိပါတယ် ဘာသာရပ်တစ်ခုအနေနဲ့မဟုတ်ဘူး ။ ကျွန်မတို့ကျောင်းက တခြားကျောင်းနဲ့မတူတာ ဘာတစ်ခုရှိလဲဆိုတော့ ဖွံ့ဖြိုးရေးသင်တန်းတွေရှိတယ်။ ဖွံ့ဖြိုးရေးသင်တန်းဆိုတာ တစ်ပတ်မှာနှစ်ကြိမ်သင်တဲ့သင်တန်းတွေ ရှေ့နှစ်မှာ ဒီSten Educationကို ထည့်ပြီးသင်ကြားသွားဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီဟာကအပြင်မှာတက်ရင်သိန်းနဲ့ချီပြီးကုန်မှာလေ။ တစ်လတစ်လတက်ဖို့ကျတော့ အဲဒါကြောင့်မို့လို့ဈေးနည်းနည်းနဲ့ရအောင် စပွန်ဆာပေးတဲ့သူတွေနဲ့ညှိပြီးတော့ စီစဉ်နေပါတယ်"ဟု ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်မိုးမြင့် ကပြောသည်။

TTCကျောင်းတွင် ကျောင်းသား ၇၀၀၀ကျော်ရှိသော်လည်း ယခုသင်တန်းအတွက် ကျောင်းသား(၃၀၀)ကိုလက်ခံသင်ကြားမည်ဖြစ်သဖြင့် ကွန်ပျုတာရှိပြီး Programming စိတ်ဝင်စားသည့် ကျောင်းသားကျောင်းသူများကို ခေါ်ယူရွေးချယ်ပေးခဲ့ရသည်ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

၃၀ရက်နှင့် ၃၁ရက်နေ့များတွင် သင်ကြားပေးသည်ဆိုသော်လည်း ကျောင်းသား၃၀၀တွင် တစ်ဦးလျှင် အချိန်တစ်နာရီခွဲခန့်သာ သင်ကြားရသည်ဟု ၎င်းကပြောပြသည်။

"ကျွန်တော်တို့က အချိန်ကလည်းအရမ်းမရတဲ့အတွက် ဘယ်လိုစပြီးသင်လည်းဆိုတော့ သူတို့ကို Programming နဲ့ အကျွမ်းတဝင်ဖြစ်သွားအောင်ပေ့ါ Introduction အနေနဲ့ ဘလော့ပေစ့် Programmအနေနဲ့ သင်ကြားပေးပါတယ်။ Programလုပ်ဖူးသူတွေသိကြပါတယ်။ Languageတွေက အများကြီးရှိတယ်။ များသောအားဖြင့်စတဲ့ Languageတွေနဲ့ Programရေးတာခက်တဲ့အတွက် တော်ရုံတန်ရုံကစိတ်မဝင်စားကြဘူးပေါ့"ဟုMSEA(Myanmar Stem Engineering Association)မှ ဒါရိုက်တာနှင့် ပူးတွဲတည်ထောင်သူ ကိုအောင်နိုင်ဦးကပြောသည်။

ထို့ကြောင့် စတိုရီလိုင်းအနေဖြင့် သင်ကြားပေးပြီး ဆက်လက်လေ့လာနိုင်ရန် Resources(အရင်းအမြစ်)များကို ထားရှိပေးသွားမည်ဟု ဆိုသည်။

ကျောင်းများတွင် နှစ်နှစ်တာ လိုက်လံသင်ကြားပေးပြီးနောက် သင်ရိုးတရားဝင်ထွက်လာနိုင်ချိန်ရောက်လျှင် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု ကိုအောင်နိုင်ဦးကပြောသည်။

Programming သင်ကြားရာတွင် ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှ နှစ်တန်းနှင့် ကိုးတန်းအထိ ကျောင်းသားကျောင်းသူ အယောက်(၃၀၀)ကို သင်ကြားပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly