မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း လုပ်ကြံခံရ၍ ကားမှောက်ပြီး သေဆုံး၊ မှောက်သည့်ကား မီးရှို့ဖျက်ဆီးခံရ

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း လုပ်ကြံခံရ၍ ကားမှောက်ပြီး သေဆုံး၊ မှောက်သည့်ကား မီးရှို့ဖျက်ဆီးခံရ

 

စစ်တွေ၊ ဇန်နဝါရီလ ၃၁ ရက်။                     ။  မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၆၉/၁၇၀ အနီးမှာ လုပ်ကြံခံရ၍ ကားလမ်းဘေးထိုးဆင်းကာ တိမ်းမှောက်သေဆုံးသွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် တင်မောင်ဝင်းက အတည်ပြုပြောကြားသည်။

“သူကနေပြီးတော့ မြောက်ဦးကနေ စစ်တွေကို ကားနဲ့လာတာလို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုရွာနားမှာ ကားက လမ်းဘေးကို ထိုးဆင်းပြီးတော့ သူ့ကိုလည်း အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ သေပြီးတော့ တွေ့ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲ အခြေနေမှန်ကိုတော့ ပြောလို့မရသေးပါဘူး။ သူ့အလောင်းကိုတော့ အခုစစ်တွေဆေးရုံကို ပို့ထားပါတယ်။”

အဆိုပါလမ်းဘေးထိုးကျပြီး တိမ်းမှောက်နေသည့်ကားကို လမ်းကြုံလာသည့် ကရိန်းကားအကူအညီဖြင့် လမ်းမပေါ်ကို တင်ဆောင်ထားစဉ် ညနေ ၈ နာရီအချိန်ခန့်လောက်တွင် မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း အဆိုပါရဲအုပ်က ဆိုသည်။

မြောက်ဦးမြို့နယ်မှ စစ်တွေမြို့သို့ မောင်းနှင်လာသော ဦးဘိုဘိုမင်းသိုက်၏ ကားအထဲတွင် ၎င်းနှင့်အတူ လူ ၃ ဦးလိုက်ပါ လာရာ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံခံရပြီး ကားမှာလမ်းဘေးကို ထိုးဆင်းသွားကာ သူနှင့်အတူလိုက်ပါလာသည့် လူ ၃ ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ၎င်းမှာ ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်ကြောင့် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရာထူးမှ ဇန်နဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွန်ကြားရေးမှူးအဖြစ် တာဝန်ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းသို့ လုပ်ကြံခံခဲ့ရခြင်းလည်း ဖြစ်သည်။

မြောက်ဦးမြို့၌ လုပ်ငန်းတာဝန်များ လွှဲပြောင်းပြီး ရခိုင်ပြည်နယ်ရုံးသို့ တာဝန်ထမ်းဆောင်ရန် ပြောင်းရွေ့လာစဉ် ပုဏ္ဏားကျွန်းမြို့အဝင် ကျောက်ဆိပ်ကျေးရွာအနီးမှာ အသတ်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ သေဆုံးသွားသည့် ဦးဘိုဘိုမင်းသိုက်၏ ရုပ်အလောင်းကို စစ်ဆေးရန် ပုဏ္ဏားဆေးရုံမှ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly