သစ်တောမြေ ပယ်ဖျက်ပေးရန် ဒေသခံများတောင်းဆို

သစ်တောမြေ ပယ်ဖျက်ပေးရန် ဒေသခံများတောင်းဆို

 

မန္တလေး၊ဇန်နဝါရီ ၃၀ ။                     ။ မန္တ္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ဂန္ဓမာကျေးရွာအုပ်စုနှင့်အင်္ကျယ်ကျေးရွာအုပ်စုရှိ ၁၉၀၇ခုနှစ်မှစတင်စိုက်ပျိုးခဲ့သည့် လယ်ယာမြေများကို မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ခြင်းကို ပြန်လည်ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီလ ၃၀ ရက်၊မွန်းလွဲ ၁ နာရီက ဂန္ဓမာကျေးရွာတွင်ဒေသခံများက  သတင်းစာရှင်းလင်းပွဲ   ပြုလုပ်ခဲ့သည်။

အဆိုပါကျေးရွာအုပ်စုများအရှိ ကွင်းအမှတ် ၄၆၇၊၄၆၇(ခ)၊၄၇၀(က)တို့မှ လယ်ယာမြေဧက ၃၀၀ခန့်ကို မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် ၂၀၁၃ခုနှစ်က သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်ကပင် ဒေသခံများက ကြိုးပြင်တောမြေအဖြစ်သတ်မှတ်သည်ကို လက်မခံဘဲ ပြန်လည်ပယ်ဖျက်ပေးရန်အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြတောင်းဆိုမှုများပြုခဲ့ကြသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒေသခံများကဆိုသည်။

လက်ရှိအချိန်အထိ စိုက်ပျိုးလုပ်ကိုင်နေပြီး ကြိုးပြင်ကာကွယ်တောအဖြစ် ဆက်လက်သတ်မှတ်သွားမည်ဆိုပါက ဒေသခံများအနေဖြင့် စိုက်ပျိုးခွင့်ဆုံးရှုံးသွားမည်ဖြစ်ခြင်းကြောင့် စားဝတ်နေရေး ခက်ခဲသွားမည်ဟု သတင်းစာရှင်းလင်းပွဲတက်ရောက်လာသည့် ဒေသခံများကဆိုသည်။

ရပ်မိ၊ရပ်ဖ ဦးဝင်းဌေးက"ဒီမြေက အရင်ကတည်းက လုပ်စားနေတာပါ။ဒီမြေကို သစ်တောမြေကနေ ပယ်ဖျက်ပေးပါလို့တောင်းဆိုချင်ပါတယ်။အဲဒါနဲ့တစ်ဆက်တည်း ပုံစံ ၇ လည်း ရချင်ပါတယ်"  ဟုသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ဒေသခံ ဦးဝင်းကိုကလည်း"လက်ငုတ်လက်ရင်းလေးကို ဆက်လုပ်ခွင့်ရဖို့၊သစ်တောမြေက ပယ်ဖျက်ဖို့၊ပုံစံ ၇ ချထားပေးဖို့ပဲ အဓိက တောင်းဆိုပါတယ်"ဟုပြောသည်။

သစ်တောမြေမှ ပြန်လည်ပေးဖျက်မှုဆောင်ရွက်ပေးခြင်းမရှိသေးပါက ဥပဒေနှင့်အညီ သက်ဆိုင်ရာအဆင့်ဆင့်သို့ ထပ်မံတင်ပြတောင်းဆိုသွားမည်ဟု သတင်းစာရှင်းလင်းပွဲတက်ရောက်လာသည့် ဒေသခံများကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly