ရန်ကုန်ရှိ စျေး၁၇၀ ကျော်ဖွံ့ဖြိုးစေရန် အော်ပရေတာများကို တာဝန်ယူစေမည်

ရန်ကုန်ရှိ စျေး၁၇၀ ကျော်ဖွံ့ဖြိုးစေရန် အော်ပရေတာများကို တာဝန်ယူစေမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။          ။ ရန်ကုန်မြို့ရှိ ဈေးပေါင်း ၁၇၀ကျော်အား ဖွံ့ဖြိုးတိုးတက်စေရန် အော်ပရေတာကုမ္ပဏီများဖြင့် တာဝန်ယူ ဆောင်ရွက်နိုင်ရေး ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့ ဇန်နဝါရီ ၃၀ရက် အင်းစိန်မြို့နယ်ရှိ တညင်းကုန် ဟင်းသီးဟင်းရွက်နှင့်သစ်သီဝလံ အဆင့်မြှင့်လက်ကား ဈေးသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဈေးအသစ်သည် ယခင်အစိုးရလက်ထက်မှစီမံကိန်းတစ်ခုဖြစ်ပြီး Myanmar Agro Exchange Limited (MAEX) ကုမ္ပဏီက အော်ပရေတာအဖြစ်တာဝန်ယူထားသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖွင့်ထားတဲ့ ဈေးတော်တော်များများဟာ ဈေးကိုဆောက်လိုက်တယ်၊ ဆောက်ပြီးရင် စည်ပင်သာယာကနေပြီးတော့ ဈေးကောက်ကောက်တယ၊် ဒါပေမယ့် ဒီဈေးကြီးကို အော်ပရေတာတစ်ခုကနေ တာဝန်ယူထားတာမျိုး မရှိပါဘူး၊ ဈေးကောက်ကောက်နေတာပဲ ရှိပါတယ်၊ ဒါပေမယ့် ဒီဈေးကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူနေတဲ့ ကုမ္ပဏီတစ်ခု မရှိခဲ့ပါဘူး၊ ဒါက ရန်ကုန်မှာဖြစ်နေတဲ့ ဈေးတွေအားလုံးရဲ့ အခြေအနေပဲဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုအခြေအနေကို လက်ရှိ အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲရန်လိုအပ်နေပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဈေးများကို စည်ပင်သာယာက ပိုင်ဆိုင်ပတ်သတ်နေသဖြင့် နောက်ပိုင်းတွင် အော်ပရေတာကုမ္ပဏီဖြင့် ဈေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန် လုပ်ဆောင်စေရမည်ဟု ၎င်းကဆိုသည်။

"စည်ပင်သာယာကဈေးဆောက်ဖို့ပဲ စိတ်ဝင်စားတယ်၊ ဈေးလည်ပတ်ဖို့တော့ စိတ်မဝင်စားဘူး၊ ဈေးလည်ပတ်တယ်ဆိုတာက ခက်ခဲတယ်၊ ဈေးတည်ဆောက်တာကတော့ ဆောက်လုပ်ရေးပေါ်မှာ မူတည်ပြီးသွားတယ်ဆိုတော့ အဲဒီတော့ ဆောက်တာက နိုင်ငံတော်ဘတ်ဂျက်နဲ့ ဖြစ်တဲ့အတွက်ကြောင့် ဘာစဉ်းစားလည်းဆိုတော့ ဈေးဆောက်မယ် Maintaining (ထိမ်းသိမ်းရေး) လုပ်မယ် Functioning (လုပ်ဆောင်ချက်) အပိုင်းကတော့ ဘယ်သူမှ စိတ်မဝင်စားဘူး။ ဒါကထုံးစံပေါ့လေ ဘတ်ဂျက်သုံးဖူးတဲ့လူတိုင်း သိပါတယ် "ဟု ရန်ကုန်စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးခင်မောင်စိုးက ပြောသည်။

နိုင်ငံတကာမျက်နှာစာတွင် ရှေးဟောင်းအဆောက်အဦးအဖြစ် ရပ်တည်နေသည့် ပန်းဘဲတန်းမြို့နယ်မှ ဗိုလ်ချုပ်အောင်ဆန်းဈေးကိုပင် ဈေးဝယ်သူများဖြင့် စည်ကားဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိ အစိုးရလက်ထက်တွင် ရန်ကုန်မြို့၌ ဈေးပေါင်း ၁၇၄ဈေး လည်ပတ်လျက်ရှိပြီး ၎င်းဈေးများကို ပြန်လည်အဆင့်မြှင့်တင်ရန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly