မောင်တောတွင် ကျပ်သိန်းပေါင်း ၂၅၇၁၅ တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိ

မောင်တောတွင် ကျပ်သိန်းပေါင်း ၂၅၇၁၅ တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

ရန်ကုန်၊ ဇန်နဝါရီလ ၂၇ ။                ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်နီကျေးရွာရှိ ဟာဆောင်းဆိုသူနေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် ထော်လာဂျီပေါ်မှ မြေသားဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ၇ အိတ်အတွင်းမှ ကျပ်သိန်းပေါင်း ၂၅၇၁၅ တန်ဖိုးရှိ WY စာတန်းပါ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ဇန် နဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မောင်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဇန်နဝါရီလ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်တွင် ဟာ ဆောင်းဆိုသူ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း ဟာဆောင်းအား   တွေ့ရှိခြင်းမရှိဘဲ ရာဘီယာ ခါတူဆိုသူနှင့် မာမတ်အီနုစ်တို့ ၂ ဦးအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။

နေအိမ်ခြံဝင်းအတွင်း ရဲတပ်ဖွဲ့မှ ရှာဖွေခဲ့ရာ ရပ်ထားသည့် ထော်လာဂျီပေါ်မှ မြေသားများဖြင့် ဖုံးအုပ်ထားသည့် ဆာလာအိတ် ၇ အိတ်အတွင်းမှ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၂၅၇၁၅ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၈၅၇၅ဝ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ရာဘီယာ ခါတူဆိုသူနှင့် မာမတ်အီနုစ်တို့ ၂ ဦးကို မောင်တောမြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အလားတူ စစ်တွေမြို့နယ်၊ အုန်းတောကြီးကျေးရွာဘက်မှ ပင်လယ်ကမ်းစပ်ဘက်သို့ ၂၄ ရက်၊ ည ၁၁ နာရီခန့် က အမည်မသိလူ နှစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အား မောင်းနှင်ထွက် ပြေးသွားပြီး ဆိုင်ကယ်ပေါ်မှ အနက်ရောင်ပလတ်စတစ်အိတ်တစ်လုံး ပြုတ်ကျကျန်ခဲ့သည်။ အဆိုပါ အိတ်အား လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ အိတ်အတွင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၁ဝဝဝ ခန့်ရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅ဝဝဝဝ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly