နှစ်တစ်ရာခန့်သက်တမ်းရှိ ကညင်ပင်ကြီးအား ခုတ်လှဲခဲ့သူ ၃ ဦး ဖမ်းမိ

နှစ်တစ်ရာခန့်သက်တမ်းရှိ ကညင်ပင်ကြီးအား ခုတ်လှဲခဲ့သူ ၃ ဦး ဖမ်းမိ
ဓာတ်ပုံ- သစ်တောဦးစီးဌာန

ရန်ကုန်၊ ဇန်နဝါရီလ ၂၅ ။           ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှကြိုးဝိုင်း၊ အကွက် ၁၄ တောတွင်းမှ တရားမဝင် ခုတ်လှဲထားသော နှစ်တစ်ရာခန့်သက်တမ်းရှိ ကညင်ပင်ကြီးနှင့် ပတ်သက်ပြီး ခုတ်လှဲခဲ့သူ ၃ ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက မဇ္ဈိမသို့ ယနေ့ ဇန်နဝါရီလ ၂၅ ရက်တွင် ပြောသည်။

အဆိုပါ နှစ်တစ်ရာသက်တမ်းရှိ ကညင်ပင်ကြီးကို ရေတာရှည်မြို့နယ်သစ်တောဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ပြီး ကညင်ပင်ကြီးမှာ စုစုပေါင်း တန်ချိန် ၃၅ ဒဿမ ၇ တန်ခန့် ရှိကြောင်း သိရသည်။

“ ဒီဇင်ဘာ ၁၉ ရက်နေ့က သစ်တွေကို မိခဲ့တယ်။ မိတော့ ကျွန်တော်တို့ သက်ဆိုင်ရာမြို့မရဲစခန်းကို ရေတာ ရှည်ဦးစီးက အမှုဖွင့်တိုင်ခဲ့တယ်။ သက်ဆိုင်ရာမြို့နယ်ရဲစခန်း၊ မြို့လှရဲစခန်းကနေပြီးတော့မှ ကွင်းဆက်ဖော် ထုတ်ပြီးတော့ မြို့လှအနောက်မြောက်ဘက် ၁ဝ မိုင်အကွာက ဇရစ်စမ်းကျေးရွာနေတဲ့သူပေါ့နော်။ ဘိုစိန်ပါ ၃ ဦးပေါ့။ ရဲတပ်ဖွဲ့က သူတို့ကို ဖော်ထုတ်ဖမ်းဆီးခဲ့တာပေါ့”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက ပြောသည်။ အဆိုပါ နှစ်တစ်ရာသက်တမ်းရှိ ကညင်ပင်ကြီးကို တရားမဝင်ခုတ်လှဲခဲ့မှုနှင့် ပတ်သက်ပြီး ဘိုစိန်ပါ ၃ ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ဘက်ကလည်း အခုလိုမျိုး ဌာနအနေနဲ့လည်း သစ်တွေကို ဖော်ထုတ်ဖမ်းဆီးရနိုင်ခဲ့တယ်။ တရားခံတော့ မမိလိုက်ဘူး။ သို့သော်လည်း သက်ဆိုင်ရာနယ်မြေခံရဲစခန်းကို ဒီလိုအမှုဖွင့် တိုင်ချက်ဖွင့်တဲ့ အခါမှာ အခုလိုပဲ ရဲတပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ပေးဖို့ပြောချင်ပါတယ်။ အခုလိုပူးပေါင်း ဆောင် ရွက်ပေးတဲ့အတွက်လည်း အနည်းနဲ့ အများ တရားမဝင်သစ်ခိုးမှုတွေ လျော့နည်းပပျောက်သွားမှာပေါ့”ဟု ဦးကျော်မျိုးထွေးက ပြောသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် အသက် ၃၈ နှစ်အရွယ် ဘိုစိန်ဆိုသူအပါအဝင် ၃ ဦးကို မြို့လှနယ် မြေရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ထိန်းသိမ်းစောက်ရှောက်ရေး ဥပဒေပုဒ်မ- ၆(၁) ဖြင့် အမှု ဖွင့်စစ်ဆေးနေကြောင်း သိရသည်။ ထိုသို့ သစ်များအား တရားမဝင်ခုတ်လှဲနေမှုများ၊ သစ်ထုတ်လုပ်နေမှုများ၊ သယ်ဆောင်နေမှုများအား ပြည်သူ များအနေဖြင့် တွေ့ရှိပါက သစ်တောဦးစီးဌာနသို့ ဖုန်းနံပါတ် ဝ၆၇- ၄ဝ၅၁၁၈ နှင့် ဝ၆၇- ၄ဝ၅၁၁၃ သို့ ဆက် သွယ်အသိပေးနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly