ဆီးရီးယားဘက်မှ တူရကီထဲသို့ပစ်လွှတ်လိုက်သော ဒုံးပျံကြောင့် လူ ၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ဆီးရီးယားဘက်မှ တူရကီထဲသို့ပစ်လွှတ်လိုက်သော ဒုံးပျံကြောင့် လူ ၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ကီလစ်၊ တူရကီ၊ ဇန်နဝါရီ ၂၅ ။            ။ ဆီးရီးယားမှ ကာ့ဒစ်ရှ်သူပုန်များကို အမြစ်ဖျက်ချေမှုန်းမည်ဆိုသော တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်၏ ကြုံးဝါးမှုအတိုင်း ယင်းသူပုန်များကို တူရကီစစ်တပ်ကထိုးစစ်ဆင်နေပြီး ဗုဒ္ဓဟူးနေ့က ဆီးရီးယားဘက်မှ ပြန်လည်ပစ်လွှတ်လိုက်သော ဒုံးပျံများကြောင့် တူရကီတောင်ပိုင်းတွင် လူ ၂ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးခန့်ဒဏ်ရာ ရရှိခဲ့သည်။

ကာဒစ်ရှ်သူပုန်များသည် ဗုဒ္ဓဟူးနေ့ညနေအစောပိုင်းတွင် နှစ်နိုင်ငံနယ်စပ်ရှိ ကီလစ်ခရိုင်အတွင်းသို့ ဒုံးပျံများ ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ယင်းဒုံးပျံများထဲမှ တစ်စင်းမှာ ဗလီတစ်ခုကိုထိမှန်ပျက်စီးစေခဲ့သည်ဟု အခင်းဖြစ်ပွား နေရာမှ သတင်းထောက်များက တင်ပြခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ဆီးရီးယားလူမျိုးတစ်ဦးနှင့် တူရကီလူမျိုးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးရုံးမှ သတင်းထုတ်ပြန်ခဲ့ပြီး ဒုံးပျံများပစ်လွှတ်ခဲ့သည့် ဆီးရီးယားကာဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPF) အား ပြစ်တင်ဝေဖန်ခဲ့သည်။

တူရကီအစိုးရသည် ဆီးရီးယားသူပုန်များနှင့်လက်တွဲကာ ပြီးခဲ့သောစနေနေ့ကစတင်၍ YPG တပ်ဖွဲ့များကို ဆီးရီးယားမြောက်ပိုင်းရှိ အက်ဖ်ရင်နယ်မြေအတွင်းမှ နှင်ထုတ်နိုင်ရန်အတွက် စစ်လေယာဉ်များကိုပါအသုံးချပြီး ထိုးစစ်ဆင်နွှဲလျက်ရှိသည်။

ဒုံးပျံများနှင့် ပစ်ခတ်တိုက်ခိုက်မှု မခံရမီနာရီပိုင်းအလိုတွင် သမ္မတအာဒိုဂန်က တူရကီတပ်ဖွဲ့များနှင့် ဆီးရီးယား အတိုက်အခံအဖွဲ့မှ တပ်သားများသည် အက်ဖ်ရင်နယ်မြေကို တဖြည်းဖြည်းချင်း သိမ်းယူလာနိုင်သည်ဟု ကြေညာခဲ့သည်။

“အကြမ်းဖက်သမားတွေအားလုံးကို မဖယ်ရှားနိုင်သရွေ့ ကျနော်တို့ဘက်က စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု သူက တွစ်တာ၌ ရေးသားခဲ့သည်။

YPG တပ်ဖွဲ့သည် တူရကီနိုင်ငံအတွင်း၌ ဆယ်စုနှစ်သုံးစုကြာအောင် ပုန်ကန်ထကြွခဲ့သော ကာ့ဒစ်ရှ်အလုပ် သမားပါတီ (PKK) နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ တူရကီအစိုးရနှင့် အနောက်နိုင်ငံမှ၎င်း၏ မဟာမိတ် များက YPG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags