ပျောက်ဆုံး မလေးရှားလေယာဉ် MH370 တစ်ကျော့ပြန် ရှာပုံတော် ဖွင့်

ပျောက်ဆုံး မလေးရှားလေယာဉ် MH370 တစ်ကျော့ပြန် ရှာပုံတော် ဖွင့်

ဇန်နဝါရီ ၂၄ ။             ။ ပဟေဠိဆန်စွာ ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH370 ရှာဖွေရေးလုပ်ငန်းတွေကို ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့ရာကနေ ယခုအခါ ယင်းလေယာဉ်ပျောက် ရှာပုံတော်ကို အသစ်တဖန် ပြန်လည်ဖွင့်လှစ်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုအခါ နည်းပညာမြင့် ပင်လယ်ရေအောက် ဒရုန်းတွေ အသုံးပြုပြီး ရှာဖွေရေးလုပ်ငန်းတွေကို ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

မျက်မှောက်ခေတ် ကမ္ဘာပေါ်မှာ အထင်ရှားဆုံးသော လေယာဉ်ပျောက်ဆုံးမှုကြီးကို အဖြေရှာသွားနိုင်ဖို့အတွက် နောက်တစ်ကြိမ် ကြိုးပမ်းအားထုတ်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန် ရေအောက်စူးစမ်းလေ့လာရေးကုမ္ပဏီ Ocean Infinity ရဲ့ ရေယာဉ်တစ်စင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က အိန္ဒိယသမုဒ္ဒရာတွင်းက ရှာဖွေရေးဇုံထဲကို ရောက်ရှိလာပြီး ဒရုန်းတွေ ချ လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း မလေးရှား အရပ်ဘက် လေကြောင်းဌာန ညွှန်ကြားရေးမှူးချုပ် အက်ဇ်ဟာရူဒင် အဗ္ဗဒူလ် ရာမန်က ပြောပါတယ်။

MH370 လေယာဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လတုန်းက ခရီးသည် ၂၃၉ ဦးကို တင်ဆောင်ပြီး ကွာလာလမ်ပူကနေ ပေကျင်းသို့  သွားရာ လမ်းခရီးမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် လေယာဉ်ကို အကျယ်အဝန်း စတုရန်းကီလိုမီတာ ၁၂၀,၀၀၀ ( စတုရန်းမိုင် ၄၆,၀၀၀) ရှိ ပင်လယ်ပြင်ရှာဖွေရေးဇုန်အတွင်း ပိုက်စိတ်တိုက် ရှာဖွေခဲ့သော်ငြား တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ပါဘူး။ ယင်းနောက် သြစတြေးလျတို့ ဦးဆောင်ပြီး လုပ်ကိုင်ခဲ့တဲ့ အဆိုပါ လေယာဉ်ပျောက် ရှာဖွေရေးလုပ်ငန်းကိုလည်း ယမန်နှစ် ဇန်နဝါရီလက ရပ်ဆိုင်းထားခဲ့ရပါတယ်။

ယခုအခါမှာတော့ အဆိုပါ လေယာဉ်ကို နောက်တစ်ကြိမ် ပြန်ရှာဖို့အတွက် အမေရိကန် ကုမ္ပဏီ Ocean Infinity နဲ့ မလေးရှားအစိုးရတို့အကြား သဘောတူညီချက်တစ်ခု ရခဲ့ပြီဖြစ်ပါတယ်။

သဘောတူညီချက်အရတော့ အမေရိကန် ကုမ္ပဏီအနေနဲ့ လေယာဉ် ဒါမှမဟုတ် Black box ကို ပြန်ရှာတွေ့မှာသာလျင် မလေးရှားအစိုးရဆီကနေ အများဆုံး ဆုငွေ ဒေါ်လာ သန်း ၇၀ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags