ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးပြီးနောက် တရားစွဲရန် ခွင့်ပြုမိန့်တောင်းစာ ၁ နာရီ အတွင်း အသင့်ဖြစ်နေဟု ဆို

ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးပြီးနောက် တရားစွဲရန် ခွင့်ပြုမိန့်တောင်းစာ ၁ နာရီ အတွင်း အသင့်ဖြစ်နေဟု ဆို
မီဒီယာ လှုပ်ရှားမှုတစ်ခုကို ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ညနေကိုင်းက ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဂုံးကျော်တံတားအောက်တွင် ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ - ဒေါင်းလူ

ရန်ကုန်၊ ဇန်နဝါရီလ ၂၃ ။           ။ ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်အား ဖမ်းဆီးပြီးနောက် တရားစွဲဆိုရန် သမ္မတရုံးသို့ ခွင့်ပြုမိန့်တောင်းသည့် စာမှာ ၁ နာရီအချိန်အတွင်းအဆင့် သင့်ဖြစ်နေခဲ့ကြောင်း သတင်းထောက် နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်၊ ည ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ည ၁ဝ နာရီခန့်တွင် အဆိုပါ တရားစွဲဆိုရန် ခွင့်ပြုချက် တောင်းသည့်စာ မှာ အဆင့်သင့်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။  

“ ထူးခြားတာတစ်ခုကတော့ တရားစွဲဖို့အတွက် သမ္မတရုံးရဲ့ ခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီးတော့ စွပ်စွဲခံရသူတွေကို ဖမ်းတာက ၁၂ ရက်နေ့၊ ည ၉ နာရီ နီးပါးမှာဖမ်းတယ်။ ဒါပေမယ့် ၁ဝ နာရီမှာ သူတို့ သမ္မတရုံးကို ခွင့်ပြုမိန့် တောင်းဖို့အတွက် စာတွေက အဆင်သင့်ဖြစ်နေတယ်လို့ တရားလိုက ထွက်ဆိုပါတယ်။ ဒါသည် တစ်နာရီ အတွင်းမှာပဲ ဒီဟာတွေ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ ဒါက ထူးခြားမှုပဲ”ဟု ဦးသန်းဇော်အောင်က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ စွပ်စွဲခံရသူ သတင်းထောက်နှစ်ဦးကို ၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလို ဒုတိယရဲမှူးကြီး ယုနိုင်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ တရားခွင်တွင် ဒုတိယရဲမှူးကြီး ယုနိုင်အား ရှေ့နေများက အပြန်အလှန်စစ်မေးခဲ့ရာတွင် သတင်းထောက်နှစ်ဦး ကို ဖမ်းဆီးခဲ့သည့်နေရာများမှာ ကွာခြားမှုများရှိနေကြောင်း သိရသည်။

“ ဖမ်းဆီးတဲ့နေရာကွဲလွဲချက်တွေရှိတယ်။ အဲ့ဒါကတော့ ရှာဖွေပုံစံနဲ့ ကျော်စိုးဦးကို ဖမ်းတဲ့နေရာက ဘီယာဆိုင် အပေါက်ဝဖြစ်ပြီးတော့ သက်ဦးမောင်ကို ဖမ်းတဲ့နေရာကတော့ အမှတ် ၃ လမ်း၊ နီလာလမ်းထောင့်မှာ ဖမ်းခဲ့ တယ်ဆိုပြီး တရားလိုက ထွက်ဆိုခဲ့တယ်ပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် တရားလိုပြသက်သေ ၂၅ ဦးထိရှိပြီး ယနေ့ စစ်ဆေးသည့် တရားလို ဒုတိယရဲမှူးကြီးယုနိုင်မှာ ပထမဆုံး လိုပြသက်သေဖြစ်သည်။

တရားစွဲဆိုခံထားရသည့် သတင်းထောက်နှစ်ဦးအား အာမခံပေး၊ မပေးကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချသွားမည်ဖြစ်ပြီး အဆိုပါ ရုံးချိန်းတွင် လိုပြသက်သေ ၁ ဦးအား ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရိုက်တာသတင်းထောက်များ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ) ကိုမိုးအောင်တို့ကို မောင်တော မြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီ ခန့် အချိန်တွင် အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ခရိုင်တရားရုံးတွင် တရားစွဲတင်ကာ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ- ၃ သည် အမြင့်ဆုံး ထောင်ဒဏ် ၁၄နှစ် အထိ ချမှတ်နိုင်သော ဥပဒေ ပုဒ်မ ဖြစ်သည်။

သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ် ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်း ရဲတပ်ဖွဲ့နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရ လည်းကောင်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသော်လည်း ယနေ့ ရုံးတင်စစ်ဆေးရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly