မြစ်ကြီးနားမြို့မစျေးရှိ ကမ္ဘောဇဘဏ်သိန်း ၉၂၀ ဓားပြတိုက်ခံရ

မြစ်ကြီးနားမြို့မစျေးရှိ ကမ္ဘောဇဘဏ်သိန်း ၉၂၀ ဓားပြတိုက်ခံရ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအားအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နေ့လည်ပိုင်း တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

 

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။               ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေးရှိ ကမ္ဘောဇဘဏ်သည် ယနေ့ ဇန်နဝါရီ ၂၃ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး သိန်း၉၂၀ ဆုံးရှုံးသွားခဲ့ကြောင်း မြစ်ကြီးနားမြို့၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

"ကမ္ဘောဇ ဓားပြတိုက်ခံရတယ်တဲ့။ ဟုတ်ပါတယ် ။ သိန်း ၉၂၀ ပါသွားတယ်လို့ ကြားပါတယ်"ဟု မြစ်ကြီးနား မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက အတည်ပြုသည်။

ဓားပြတိုက်ရာတွင် အသုံးပြုသည့် တုတ်၊ ဓား၊ လက်နက်အမျိုးအစားများကိုတော့ မသိရသေးဘဲ ကနဦး အနေဖြင့်သာ သတင်းရရှိသေးသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေသည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"အဲဒါကလောလောဆယ် ဟုတ်တယ်လို့သိရတယ်ခင်ဗျ။ ကျွန်တော်တို့ဆီကလူကြီးတွေသွားပြီးတော့ အဲဒီနေရာကို သွားကြည့်နေတုန်းခင်ဗျ ။ လောလောဆယ်အချက်အလက်ကတော့မသိရသေးဘူး အဲဒါကြောင့်မို့လေ"ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

KBZ ဘဏ်မှ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး “ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၃ ရက်နေ့ ဘဏ်ပိတ်ချိန် နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မြစ်ကြီးနားမြို့၊ မြစ်ကြီးနားဈေးကြီး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများအား အသင့်ယူဆောင်လာ သော လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ် သိန်း ၉၂၀ ကျော်ကို လုယူထွက်ပြေးသွားပါသည်” ဟု ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့၊ အမှတ် (၁) ရဲစခန်းသို့ ကမ္ဘောဇဘဏ်မှ အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အသေးစိတ်ဖြစ်စဉ်အား စစ်ဆေးနေပြီး မဇ္ဈိမမှ သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly