မန္တလေး၊ဇန်နဝါရီ ၂၃ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အမျိုးသမီးရေးရာကော်မတီမှ ဒေသထွက်ကုန် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၂၃ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၃လမ်း၊၂၇လမ်းနှင့်၂၈လမ်းကြားရှိ ၎င်းပါတီရုံးတွင် ပြုလုပ်ခဲ့သည်။
ဒေသထွက်ကုန်ဈေးရောင်းပွဲတော်နှင့်အတူ ဇန်နဝါရီလ ၂၄ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသမီးထုတွေ့ဆုံပွဲကိုလည်း ပြုလုပ်သွားမည်ဟု ၎င်းပါတီ၏ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီ တာဝန်ခံ ဒေါ်လှလှအေးကပြောသည်။
"ကျွန်မတို့ ဒီပွဲကိုလုပ်ရတဲ့အကြောင်းအရင်းက ဒေသထွက်ကုန်တွေကိုလည်း ကျွန်မတို့အမျိုးသမီးအဖွဲ့ဝင်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စီးပွားရေးကို လုပ်တတ်ကိုင်တတ်အောင် လုပ်တတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဈေးရောင်း ပွဲတော်လေး စလုပ်တာပါ။ ကျွန်မတို့က ကုန်ပစ္စည်းတင် မကပါဘူး။ အမျိုးသမီးတွေဟာ အိမ်ထောင်မှုမှာ ပိုင်ဆိုင်တဲ့ နောက်ဘေးမီးဖိုချောင်ပစ္စည်းတွေအားလုံးလည်း အမျိုးသီးတွေတာဝန်ယူ ထမ်းဆောင်နိုင်တဲ့ အကြောင်းသက်သေပြရင်းနဲ့ စားသောက်ကုန်တွေပါ ပြပါတယ်။"ဟု ဒေါ်လှလှအေးကပြောသည်။
တိုင်းအမျိးသမီးရေးရာအနေဖြင့် လူသုံးကုန်၊စားသောက်ကုန်၊ပြည်တွင်းဖြစ် လယ်ယာထွက်ကုန်ပစ္စည်းများကို အခြေခံ၍ သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းမှထွက်ရှိလာသည့် ပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချလျှက်ရှိသည်ဟု ၎င်းကဆက်လက်ပြောသည်။
"ဆန်၊ဂျုံ၊ ပြောင်း အဲဒါတွေကို အခြေခံပြီး သင်တန်းပေးတာတွေရှိတယ်။ကိတ်မုန့်အမျိုးလုပ်နည်းတွေကိုလည်း ကျွန်မတို့သင်ပေးထားပါတယ်။ လူသုံးကုန်ပစ္စည်းဖြစ်တဲ့ ဆပ်ပြာလုပ်နည်း သုံးမျိုးအထိ သင်ပေးထားပါတယ်။ အဲဒါတွေ ဒီနေ့ပြပွဲမှာ ပြထားပါတယ်။"၎င်းကပြောသည်။
ယခုပွဲဈေးရောင်းပွဲတော်သို့ ပြည်သူလူထုအနေဖြင့်လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပြီး ည ၇ နာရီအထိ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပါတီဝင်အမျိးသမီးထုတွေ့ဆုံပွဲတွင် မြို့နယ်အလိုက် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းဆွေနွေးချက်များပေါ်မူတည်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားနိုင်ရန် ရည်ရွယ်ထားသည် ဟု ဒေါ်လှလှအေးက ပြောသည်။
အဆိုပါ ပါတီဝင် အမျိုးထုတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်မည်ဟုလည်း ဒေါ်လှလှအေးကဆိုသည်။