မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်ပေးမည့် စစ်တွေဆိပ်ကမ်း ယခုနှစ် အတွင်း ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထား

မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်ပေးမည့် စစ်တွေဆိပ်ကမ်း ယခုနှစ် အတွင်း ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထား
စစ်တွေဆိပ်ကမ်းအား ဇန်နဝါရီလ ၁၀ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ -အေးချမ်းခိုင်

ဇန်နဝါရီ ၂၂ ။            ။ အိန္ဒိယနိုင်ငံအစိုးရက အကုန်ကျခံ တည်ဆောက်နေသော အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ပို့ဆောင်ရေး စီမံကိန်း (Kaladan Multi- Modal Transit Transports Project) သည် ၂၀၁၈ ခုနှစ်အတွင်း စတင်ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“ ဒီဆိပ်ကမ်းက အိန္ဒိယနိုင်ငံအစိုးရက အကုန်အကျခံထားတာပါ။ ရာနှုန်းပြည့် အကုန်အကျခံထားပါ။ လက်ရှိ ဆိပ်ခံတံတားကတော့ တန်ချိန် ၁ သောင်း သဘောၤတွေ ဆိုက်ကပ်နိုင်ဖို့ လုပ်ထားတာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ တန်ချိန် ၆၀၀၀ ရှိတဲ့သဘောၤတွေ ဆိုက်ကပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဆိပ်ကမ်းဆောက်တဲ့ ကိစ္စကတော့ ရာနှုန်းပြည့် ပြီးစီးသွားပါပြီ” ဟု ဆိပ်ကမ်းအာဏာပိုင်ကြီးကြပ်ရေးမှ ဦးကျော်ဆန်း ပြောသည်။

အဆိုပါ စစ်တွေ ဆိပ်ကမ်းအား ကုလားတန် ဘက်စုံစီမံကိန်း၏ အဆင့် ၁ ဆင့်အနေဖြင့် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ထိုမှတဆင့် ပလက်၀ ကုန်းတွင်းရေလမ်းကြောင်းဆိပ်ကမ်းလည်း ပါဝင်ကာ စစ်တွေ နှင့် မီဇိုရမ်ပြည်နယ်တို့ကို ချိတ်ဆက်နိုင်ရန်အတွက် ဖြစ်သည်။

“ ပလက်ဝမှာလည်း ပြည်တွင်းရေကြောင်းက ဆိပ်ကမ်းတစ်ခု ဆောက်ပြီးပါပြီ။ ကျန်တာကတော့ ပလက်ဝ- မီဇိုရမ် ကားလမ်း ဖောက်ဖို့ပဲ ရှိပါတော့တယ်။ အဲဒီကိစ္စကတော့ ဆောင်ရွက်ဆဲပါပဲ” ဟု ဦးကျော်ဆန်းက ပြောသည်။

" ဒီစီမံကိန်းက ကျွန်တော်တို့ ပြည်မကြီးနဲ့ အိန္ဒိယ အရှေ့မြောက်ဘက်ကို ကူညီဆက်သွယ်ပေးနိုင်မှာ ဖြစ်သလို ယင်းချိတ်ဆက်မှုကို မြန်မာနိုင်ငံထိပါ ကျွန်တော်တို့ ပေးသွားနေတာဖြစ်ပါတယ်၊ မြန်မာအတွက်တော့ ပြည်သူပိုင် အခြေခံအဆောက်အအုံတွေအဖြစ် ဖန်တီးပေးဖို့ ကိုပဲ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်၊ တစ်ချို့ နိုင်ငံတွေ လုပ်နေသလို ကျွန်တော်တို့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ရည်ရွယ်ပြီးလုပ်နေတာမျိုး မရှိပါဘူး" ဆိုပြီး အိန္ဒိယသံအမတ်ကြီး Vikram Misri က အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

လတ်တလောတွင် အိန္ဒိယနိုင်ငံအစိုးရက တာဝန်ယူဆောင်ရွက်နေပြီး အဆိုပါ ဆိပ်ကမ်း စတင်အသက်ဝင်ပါက မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် မြန်မာဘက်မှ မျှော်မှန်းထား သည်။

“ ဆိပ်ကမ်းကတော့ အသက်မဝင်သေးပါဘူး။ လောလောဆယ် ကျွန်တော်တို့နိုင်ငံအစိုးရကို မလွှဲသေးပါဘူး။ မြန်မာအစိုးရဖက်ကိုရောက်မှ ဆိပ်ကမ်းကို အသက်ဝင်အောင် ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ဦးကျော်ဆန်းက ဆိုသည်။

၂၀၀၈ ခုနှစ်က အဆိုပါစီမံကိန်းအတွက် နှစ်နိုင်ငံ MoU ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်တွေဆိပ်ကမ်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

Mizzima Weekly