အာဖဂန်နစ္စတန်ဟိုတယ် စီးနင်းတိုက်ခိုက်ခံရမှု သေဆုံးသူမြင့်တက်လာ

အာဖဂန်နစ္စတန်ဟိုတယ် စီးနင်းတိုက်ခိုက်ခံရမှု သေဆုံးသူမြင့်တက်လာ

 

ကာဘူးလ်၊ ဇန်နဝါရီ ၂၂ ။             ။ တာလီဘန်များ၏လက်ချက်ကြောင့် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သော ဇိမ်ခံဟိုတယ်စီးနင်းတိုက်ခံရမှုအတွင်း   သေဆုံးသူအရေအတွက်မြင့်တက်လာကာ နိုင်ငံခြားသား ၁၄ ဦးအပါ အဝင် စုစုပေါင်း လူ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ပြီးခဲ့သောစနေနေ့ည ၉ နာရီခန့်က တာလီဘန်သေနတ်သမား ၄ဦး သည် တောင်ကုန်းပေါ်ရှိ အင်တာကွန်တီနန်တယ် ဟိုတယ်ထဲသို့ စီးနင်းဝင်ရောက်ခဲ့ပြီး ညစာစားသုံးနေသောဧည့်သည်များကို ပစ်ခတ်ခဲ့ကာ ယင်းအကြမ်းဖက်သမားများကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက ညသန်းခေါင်ယံအချိန်လောက် တွင် နှိမ်နင်းနိုင်ခဲ့သည်။

“လွန်ခဲ့တဲ့ညကတိုက်ခိုက်မှုကြောင့် လူ ၁၈ဦးသေဆုံးခဲ့တယ်လို့ ကျနော်တို့အတည်ပြုနိုင်ပါတယ်။ အဲဒီထဲက ၁၄ ဦးဟာ နိုင်ငံခြားသားများဖြစ်ကြပြီး ကျန် ၄ဦးကတော့ အာဖဂန်နစ္စတန်နိုင်ငံသား များဖြစ်ပါတယ်”ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ်ရာဟီမီက ဆိုခဲ့သည်။

သေဆုံးခဲ့သော နိုင်ငံခြားသားများမှာ ယူကရိန်းနိုင်ငံသား ၉ ဦး၊ ဂရိနိုင်ငံသား ၁ ဦးနှင့် ကာဂျစ်နိုင်ငံသား ၁ ဦးတို့ ဖြစ်ပြီး ကျန် ၃ ဦးကို စိစစ်နေဆဲဖြစ်သည်ဟု ရာဟီမီက ပြောခဲ့သည်။ ဒါ့အပြင် ထိုထဲမှသေဆုံးခဲ့သူ ၁၁ ဦးမှာ အာဖဂန်လေကြောင်းလိုင်း ကမ်အဲမှ ဝန်ထမ်းများဖြစ်သည်ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုအာဖဂန်လေကြောင်းလိုင်းကလည်း ဟိုတယ်စီးနင်းတိုက်ခိုက်ခံရမှုအတွင်း ၎င်းတို့၏ဝန်ထမ်း ၁၀ ဦး သေဆုံးခဲ့ပြီး ယူကရိန်း ၈ဦးနှင့် ဗင်နင်ဇွဲလားနိုင်ငံသား ၂ ဦးတို့ဖြစ်သည်ဟု သတင်းဌာနသို့ ပြောခဲ့သည်။

အစောင့်အကြပ်ထူထပ်သော အင်တာကွန်တီနန်တယ်ဟိုတယ်သည် ကာဘူးလ်မြို့အနောက်ပိုင်းရှိ တောင်ကုန်းတစ်ခုပေါ်၌ တည်ရှိပြီး လူချမ်းသာအာဖဂန်နိုင်ငံသားများ၊ နိုင်ငံခြားသားများ လာရောက်လေ့ရှိကာ ပါတီပွဲများ၊ အစည်းဝေးပွဲများ၊ ညီလာခံများ ကျင်းပလေ့ရှိသော ဟိုတယ်တစ်ခုဖြစ်သည်။

လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လကလည်း အလားတူစီးနင်းတိုက်ခိုက်ခံရသည့် ဖြစ်ရပ်မျိုး ယင်းဟိုတယ်၌ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၉ ဦးအပါအဝင် စုစုပေါင်း လူ၁၂ ဦးခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly