အာဆင်နယ်မှထွက်ခွာရမည့်နောက်တစ်ဦးမှာ တိုက်စစ်မှူးဂျရူးဒ်ဖြစ်ဖွယ်ရှိ

အာဆင်နယ်မှထွက်ခွာရမည့်နောက်တစ်ဦးမှာ တိုက်စစ်မှူးဂျရူးဒ်ဖြစ်ဖွယ်ရှိ

 

ဇန်နဝါရီ ၁၉၊ လန်ဒန်။                        ။ အူဘာမီယန်ကိုခေါ်ယူရာတွင် ကစားသမားတစ်ယောက်အလိုက်ပေးရရန်ရှိနေရာ တိုက်စစ်မှူးဂျရူးဒ်သည် အာဆင်နယ်မှ ထွက်ခွာရမည့်   နောက်ထပ်နာမည်ကြီးကစားတစ်ဦးဖြစ်လာဖွယ်ရှိသည်။

အာစင်ဝင်းဂါးသည် ၎င်း၏လက်ထက်အတွင်းအလှုပ်ခတ်ဆုံးအပြောင်းအရွှေ့များဖြစ်လာဖွယ်ရှိသည့် ဆန်းချက်ဇ်ထွက်ခွာရန် ရှိနေခြင်း၊ ဝဲလ်ကော့တ်အသင်းပြောင်းသွားခြင်းတို့အပြင် ဂျရူးဒ်မထွက်ခွာဟုလည်း ငြင်းဆိုထားခြင်းမရှိပေ။

ဒေါ့မွန်အသင်းသည် ပြင်သစ်တိုက်စစ်မှူးဂျရူးဒ်ကို ပြီးခဲ့သည့်နွေရာသီကတည်းကခေါ်ယူရန်ကြိုးစားခဲ့ဖူးပြီး ဒေါ့မွန်အမှုဆောင်ချုပ် ဟန်းစ် ဂျိုအာချင် ဝက်ဇ်ကီကလည်း အူဘာမီယန်၏အပြောင်းအရွှေ့တွင် ဂျရူးဒ်ကိုအစိတ်အပိုင်းတစ်ရပ်အဖြစ် အလိုရှိနေသည်။

အာဆင်နယ်အသင်းသည် ဆန်းချက်ဇ်နှင့် မန်ချက်စတာယူနိုက်တက်မှ မစ်ခီတာယန်တို့ကို တိုက်ရိုက်လှဲလှယ်သည့်ကိစ္စ အပြီးသတ်လုနေပြီဖြစ်ပြီး ဆန်းချက်ဇ်သည် ပရီးမီးယားလိဂ်တွင် လုပ်ခအများဆုံးကစားသမားဖြစ်လာရန် နီးစပ်နေသည်။ အာဆင်နယ်နည်းပြဝင်းဂါးသည် ဝက်စ်ဘရွန်းနောက်ခံလူအီဗန်စ်ကိုလည်း ဈေးကွက်အတွင်းဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။

အူဘာမီယန်းကိုခေါ်ယူရာတွင် ဂျရူးဒ်ကအစိတ်အပိုင်းတစ်ရပ်ဖြစ်လာနိုင်သလားဆိုသည့်မေးခွန်းကို ဝင်းဂါးက “မေးခွန်းက ‘တကယ်လို့များ’ ဆိုပြီး စကားခံထားတယ်။ ‘တကယ်လို့များ’ ဆိုတာမှာ အဓိပ္ပါယ်အမျိုးမျိုးရှိတယ်။ လောလောဆယ်တော့ ကျွန်တော်အများကြီးမပြောနိုင်သေးဘူး။

ဘာမှ ထပ်ဖြည့်ပြောစရာမရှိသေးလို့ပါ။ ထိန်ချန်ထားသင့်ချိန်မှာ ထိန်ချန်ထားပြီး ပြောသင့်ချိန်မှာထုတ်ပြောတာက ပိုကောင်းပါတယ်”ဟု ပြောသည်။

ဒေါ့မွန်အသင်းသည် ဂျရူးဒ်ကို အူဘာမီယန်းနေရာအစားထိုးရန် နွေရာသီကလည်းကကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly