ဆုံးဖြတ်ချက် အချို့ ချရမည် ဖြစ်၍ NCA လက်မှတ်ရေးထိုးရေးဆုံးဖြတ်မည့် အစည်းအဝေးကို ညီလာခံ အဆင့်သို့ ဆုံးဖြတ်လိုက်

ဆုံးဖြတ်ချက် အချို့ ချရမည် ဖြစ်၍ NCA လက်မှတ်ရေးထိုးရေးဆုံးဖြတ်မည့် အစည်းအဝေးကို ညီလာခံ အဆင့်သို့ ဆုံးဖြတ်လိုက်
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) အပေါ် ပြန်လည် သုံုးသပ်နေသော တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်း ထိပ်သီးခေါင်းခေါင်းဆောင်များ၏ ဒုုတိယနေ့ အစည်းအဝေး။ ဓါတ်ပုံ - ဖနိဒါ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA)တွင် လက်မှတ်ရေးထိုး၊ မထိုး ဆုံးဖြတ်မည့် အစည်းအဝေးကို ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ အစည်းအဝေး အဆင့်ကဲ့သို့ ဆုံးဖြတ်လိုက်သည်ဟု အစည်းအဝေးတက် ခေါင်းဆောင်များက ဆိုသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပနေသည့် သြဂုတ်လ ၂၂ ရက် ဒုတိယနေ့ ထိပ်သီးအစည်း အဝေးတွင် ယခင် ကျင်းပခဲ့သော လိုင်ဇာနှင့် လောခီးလာ ညီလာခံများ ကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အစည်းအဝေးတစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

သဘာပတိအဖြစ် တာဝန်ယူခဲ့သော ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက “အဓိကတော့ အားလုံးပါဝင်ရေးမူအပေါ်မှာ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တု့ိရဲ့ ဒီအစည်းအဝေးဟာ အရင်လိုင်ဇာ၊ လောခီးလာ အစည်းအဝေးတွေလိုဘဲ။ ဆုံးဖြတ်ခွင့်၊ ဆောင်ရွက်ခွင့် ရှိတဲ့အကြောင်း။ အစည်းအဝေးရဲ့ အဆင့်အတန်းကို ဆွေးနွေးခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။

လာမည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်း နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နှင့် သွားရောက် တွေ့ဆုံမည့် တိုင်းရင်းသား အဖွဲ့အစည်း ငါးဖွဲ့မှ ထိပ်သီးခေါင်းဆောင် ငါးဦးအား NCA နှင့် ပတ်သက်၍ ဆွေးနွေးပိုင်ခွင့်ကို ယခု အစည်းအဝေးမှ အမြင့်ဆုံး တာဝန်ပေးရမည် ဖြစ်၍ အပြီးသတ် ဆုံးဖြတ်နိုင်သည့် အစည်းအဝေး အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

နေပြည်တော်သို့ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှ ဖြစ်သည်။

သြဂုတ် ၂၃ ရက်တွင် ထိုအဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင် ငါးဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှ ၃ ဦး စုစုပေါင်း ၈ ဦးကို ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၂ ရက် အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးကို တင်ပြ ဆွေးနွေးခဲ့ကြပြီး အစိုးရဘက်မှ လက်မခံပါက စစ်ရေး၊ နိုင်ငံရေး အာမခံချက်များ ရယူရေး ညှိနှိုင်းဆွေးနွေးခဲ့သည်ဟုလည်း ခွန်မြင့်ထွန်းက ဆက်လက် ပြောဆိုသည်။

ယင်းအပြင် သြဂုတ်လ ၂၃ ရက် တတိယနေ့ အစည်းအဝေးတွင် NCA တွင် လက်မှတ်ရေး ထိုးရေးမူနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်းလည်း သိရသည်။

ငြိမ်းချမ်းရေးလက်မှတ်ထိုးမည့် အဖွဲ့များကို ကြိုဆိုနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ အသံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာနှင့် နေပြည်တော်တွင် သြဂုတ်လ ၂၁ ရက်က တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းက ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီး ခါင်းဆောင်များ၏ လိုင်ဇာ ညီလာခံတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းနိုင်ခဲ့သလို၊ လောခီးလာ ညီလာခံတွင်လည်း NCA ကို ပြင်ဆင်ဖြည့်စွက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags