ဘင်္ဂါလီဒုက္ခသည်များကို မူလနေရာတွင် ပြန်လည်နေရာချထားမည့်အစီအစဉ် ANP ကန့်ကွက်

ဘင်္ဂါလီဒုက္ခသည်များကို မူလနေရာတွင် ပြန်လည်နေရာချထားမည့်အစီအစဉ် ANP ကန့်ကွက်
စစ်တွေမြို့ရှိ  ANP ဌာနချုပ်အား ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

 

မောင်တော၊ ဇန်နဝါရီလ ၁၆ ရက်။                ။ ရခိုင်နယ်စပ် ပဋိပက္ခများကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဘင်္ဂါလီဒုက္ခသည်များကို အစိုးရ က မူလနေရာတွင် ပြန်လည်နေရာချပေးရန် စီစဉ်လာမှုအပေါ် ကန့်ကွက်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

“ဟိုတစ်လောက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပြည်သူတွေအများအပြား သတ်ဖြတ်ခံရတယ်။ တိုင်းရင်းသား မျိုးနွယ်စုဝင်ဖြစ်တဲ့ မြိုလူမျိုးတွေကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရတယ်။ အခုတခါလည်း တိုင်းရင်းသားကျေး ရွာတွေနဲ့ ရောထွေးပြီးတော့ နေရာချပေးလိုက်ရင် မည်သည့်နည်းနဲ့ မဆို နောက်အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်လာပြီးတော့ အသက်သေဆုံးမှုတွေလည်း ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ အသက်လုံခြုံဖို့အတွက် သူတို့တွေကို ဝေးကွာတဲ့ တခြားသီးသန့်တစ်ခုမှာ နေရာချပေးသင့်တယ့်လို့ ကျွန်တော်တို့ပါတီက ရှုမြင်ပါတယ်”ဟု ဦးထွန်းအောင်ကျော် က ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA အဖွဲ့၏ တိုက်ခိုက်မှုနှင့် အစိုးရ၏ နယ်မြေရှင်းလင်းရေး တုံ့ပြန်ဆောင်ရွက်မှုတို့ကြောင့် တဖက်နိုင်ငံသို့ ဒုက္ခသည် သိန်းနှင့်ချီ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်ဟု ကုလသမဂ္ဂဖက်က ထုတ်ပြန်ထားပြီး ၎င်းတို့ကို ဇန်နဝါရီ ၂၃ ရက်နေ့မှ စတင်ကာ စိစစ်ပြီး လက်ခံသွားမည် ဖြစ်သည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများကို ယခင် ၎င်းတို့ နေထိုင်ခဲ့သည့် မူလနေရပ်များတွင် ပြန်လည် နေရာချထားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဇန်နဝါရီ ၁၃ ရက်နေ့က စစ်တွေတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အစီစဉ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ယခုလို တုံ့ပြန်ပြောလာခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများထဲမှ ဟိန္ဒူဘာသာဝင်များအား အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင်တို့တွင်   နေရာချထားပေးမည်ဖြစ်ပြီး နေအိမ်များ ဆောက်လုပ်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ဒေသခံတိုင်းရင်းသားများအတွက် သစ်တုံးနား ခွဆုံ (မြို)ရွာ၊ ခုံတိုင်(မြို)ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကား ရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြိုကား လမ်းဘေး၊ ဖော်တီတောင်(မာရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်)မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမ နှင့် ခမောင်းဆိပ်မြို့အနီးတို့တွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ပေးထားသည်ဟု သိရသည်။

ပြန်လည်ဝင်ရောက်လာမည့်သူများထဲမှ ဘင်္ဂါလီများအတွက် မည်သည့်နေရာတွင် ချထားပေးမည်ကို အစိုးရမှ အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ကျေးရွာများတွင် လူနေအိမ်များ   ဆောက်လုပ်ပေးနေသည်ဟု ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly