YBS တစ်နှစ်ပြည့် အမှတ်တရအနေဖြင့် မြို့တွင်းပတ် ၅၇ ယာဉ်လိုင်း ကားအသစ်များဖြင့်ပြေးဆွဲနေ

YBS တစ်နှစ်ပြည့် အမှတ်တရအနေဖြင့် မြို့တွင်းပတ် ၅၇ ယာဉ်လိုင်း ကားအသစ်များဖြင့်ပြေးဆွဲနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။            ။ YBS တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အမှတ်တရဖြစ်စေရန်အတွက် (၅၇)ယာဉ်လိုင်းတွင် ဘတ်စ်ကားအသစ်များကို ယနေ့ ဇန်နဝါရီ(၁၅)ရက်နေ့၌ ထည့်သွင်းပြေးဆွဲခြင်းဖြစ်ကြောင်း ရွှေရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(GYCT)၏ (၅၇)ယာဉ်လိုင်းမန်နေဂျာ ဦးသန့်စင်က ပြောသည်။

GYCTကုမ္ပဏီလက်အောက်တွင် တစ်လိုင်းအပါအဝင်ဖြစ်သည့် ယာဉ်လိုင်း(၅၇)သည် တရုတ်နိုင်ငံထုတ် Foton အမှတ်တံဆိပ် ကားအသစ်များတွင်  စီစီတီဗီများ၊ အဲကွန်းများ၊ ပိုက်ဆံပုံးများ၊ အရေးပေါ်မှန်ခွဲကိရိယာများ ပါဝင်ကာ ရန်ကုန်မြို့တွင်းလမ်းမများပေါ်၌ မနက်(၆)နာရီအချိန်မှစ၍ ပြေးဆွဲနေပြီဖြစ်သည်။

"YBS စကတည်းကမှာထားတဲ့ ဟာတွေလေ၊ အခုမှYBSနှစ်ပတ်လည်နေ့မှာ ထူးထူးဆန်းဆန်းဖြစ်သွားအောင်လို့ နှစ်ပတ်လည်နဲ့တိုက်ပြီးတော့ဒီဟာတွေကိုထည့်ပြီးတော့၊ မြို့ပတ်လိုင်း(၃)လိုင်းမှာ အသစ်တွေ Brand Newတွေပဲဆွဲရမယ်ဆိုလို့ နှစ်ပတ်လည်နေ့ထူးထူးဆန်းဆန်းဖြစ်အောင် နှစ်ပတ်လည်တစ်ရက်ကြိုပြီးထွက်တာ"ဟု ဦးသန့်စင်က ဆိုသည်။

လက်ရှိအချိန်၌ ဘတ်စ်ကား (၃၅)စီးဖြင့် ပြောင်းလဲပြေးဆွဲနေပြီး အစီးရေ(၅၀)အထိ တိုးချဲ့သွားမည်ဟု မန်နေဂျာ ကိုသန့်စင်က ပြောသည်။

"နောက်ထပ်ဘယ်လိုင်းတွေလဲဆိုတော့ အထက်အကြီးအကဲတွေရဲ့ညွှန်ကြားအတိုင်းပေါ့။ အဲဒါတွေတော့ အစ်ကိုတို့ကမသိရသေးဘူးပေါ့"ဟု (၅၇)ယာဉ်လိုင်း၏ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုကျော်ကျော်မြတ်က ဆိုသည်။

၎င်းယာဉ်လိုင်းသည် ယခင် Aero Star ကုမ္ပဏီအမည်ဖြင့် YBSစတင်ချိန်က မြို့တွင်းပတ် ယာဉ်လိုင်းများဖြစ်သော (၅၆)ယာဉ်လိုင်းတွင် မီနီဘတ်စ်များဖြင့်လည်းကောင်း၊ (၅၇)ယာဉ်လိုင်းတွင် တရုတ်နိုင်ငံမှ ဘတ်စ်ကားအဟောင်းများဖြင့်လည်းကောင်း ပြေးဆွဲခဲ့သည်။

ထို့နောက် မြို့တွင်းယာဉ်လိုင်းအနေဖြင့် ၅၇ယာဉ်လိုင်းတစ်လိုင်းကို တာဝန်ယူခဲ့ပြီး တရုတ်နိုင်ငံမှ Yutong ဘတ်စ်ကားဟောင်း (၅၂)စီးဖြင့် ဆက်လက်ပြေးဆွဲခဲ့သည်။

၂၀၁၇ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့၌ ကိုရီးယားနိုင်ငံမှ Hondai အမျိုးအစား ကားဟောင်းများကို (၅၇)ယာဉ်လိုင်းတွင် ထည့်သွင်းပြေးဆွဲခဲ့ပြီး ထိုအချိန်တွင် တရုတ်နိုင်ငံမှ ဘတ်စ်ကားဟောင်း (၅၂)စီးတွင် (၁၅)စီးခန့်သာ ပြေးဆွဲနိုင်တော့သည်ဟု ကိုကျော်ကျော်မြတ်က မဇ္ဈိမကို ဖြေကြားခဲ့ဖူးသည်။

YBSစတင်ချိန် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၁၆ရက်နေ့မှစ၍ (၅၇)ယာဉ်လိုင်းသည် သခင်မြပန်းခြံမှစတင်ကာ ဗန္ဓုလလမ်းအတိုင်း ဗိုလ်တစ်ထောင် လင်းစဒေါင်းအထိ၊ ဗိုလ်တစ်ထောင်လင်းစတောင်းမှ ကမ်းနားလမ်းအတိုင်း သခင်မြပန်းခြံအထိ ပြေးဆွဲပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly