ရွှေပေးသွင်းရန်ကျန်သည် ဟုကြေညာခံထားရသည့် ကုမ္မဏီများ တရားဥပဒေအတိုင်း ရင်ဆိုင်မည်ဆို

ရွှေပေးသွင်းရန်ကျန်သည် ဟုကြေညာခံထားရသည့် ကုမ္မဏီများ တရားဥပဒေအတိုင်း ရင်ဆိုင်မည်ဆို
ဓါတ်ပုံ - အောင်ကိုဦး

မန္တလေး၊သြဂုတ် ၂၂ ။         ။ သတ္တုတွင်းဝန်ကြီးဌာနမှ လုပ်ငန်းစာချုပ်အရ ရွှေပေးသွင်းရန် ကျန်ရှိနေသည့်ကုမ္ပဏီများကို တရားစွဲ ဆိုသွားမည်ဟူသော ထုတ်ပြန်ချက်နှင့်ပတ်သက် ၍ကြေညာခံထား ရသော ကုမ္ပဏီ ၂၁ ခု မှ လုပ်ငန်းရှင် များက တရားဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်သွားမည်ဟု သြဂုတ် ၂၂ ရက်က ပြောသည်။

၎င်းတို့က သြဂုတ်  ၂၂ ရက် နံနက် ၁၀ နာရီတွင် မန္တလေးမြို့ ၂၂ လမ်း၊ ၆၆လမ်းနှင့်၆၅လမ်းကြားရှိ CAFE BROLLY တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြုလုပ်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၄ ရက်က သတ္တုတွင်းဝန်ကြီးဌာနက ရွှေပေးသွင်းရန်ကျန်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော ကုမ္မဏီများမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တို့မှ ကုမ္မဏီများဖြစ် ပြီးရွှေစင်ဟိန်း ၊ မြန်မာရွှေသိဂီ ၤ၊မန္တလေးမိုင်းနင်း၊ ရွှေမြနန္ဒာ၊ မိုးဟိန်းထွန်း၊ ရှမ်းကတူး၊ ဌေးဝင်းထွန်း၊ ပန်းမြတ်မာလာ၊ ရတနာချင်းတွင်း၊ မိုးကြိုးခြင်္သေ့၊ ကံကောင်းခြင်း ထာဝရအားမာန်၊ သလ္လာရွှေစင်၊ ရွှေမြနန္ဒာ၊ နီလာနှင်း ဆီ၊ အမေ့ကျေးဇူး၊ သွေးမိသားစု၊ ပန်းပွင့်၊ မြန်မာထက်ဝေယံ၊ အေးမြပြည့်စုံ၊ မြတ်အိန္ဒြေ၊ ဇမ္ဗူ ရာဇ် ကုမ္ပဏီတို့ ဖြစ်သည်။

အဆိုပါကုမ္ပဏီများသည် နိုင်ငံတော်နှင့် အကျိုးတူချုပ်ဆိုထားသော စာချုပ်ပါ အချက်များအရ ရွှေများပေး သွင်းပြီး ဖြစ်သော်လည်း ယခုလိုရွှေကြွေးကျန်နေခြင်းသည် ကုမ္ပဏီ များ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

ကြေငြာခံထားရသည့် ကုမ္ပဏီစာရင်းတွင်ပါဝင်သူ  မြန်မာနိုင်ငံသတ္တုတူးဖော်ရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး  ၊ စစ်ကိုင်းတိုင်း သတ္တုလုပ်ငန်းရှင်းများ အသင်း ဥက္ကဌ ဦးတင်ရွှေ က  "  သူတို့ဆီက ဘာမှယူထားတာမရှိဘူး။ မြေငှားခတွေ ပေးတယ်။ သတ်မှတ်ထားတဲ့ရွှေသွင်းတယ်။ ဒါကြောင့် အခုကြေညာတဲ့ ရွှေကြွေးကို မဆပ်နိုင်ပါဘူး။ ဆပ်စရာလည်းမရှိဘူး။ တရားစွဲမယ်ဆိုလည်း ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းခုခံမယ်’ ဟု သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

၎င်းတို့၏ ပြောဆိုချက်အရ ၎င်းတို့အနေဖြင့်  ရွှေကြွေးကျန်ခြင်းမဟုတ်ဘဲ ထုတ်လုပ်မှု လျာထားချက် မမီခြင်း သာဖြစ်ပြီး ထိုသို့လျာထားချက် မပြည့်မီခြင်းမှာလည်း ပြည်တွင်းစစ်ပွဲများနှင့် သဘာဝဘေး အန္တရာယ် များကြောင့်ဖြစ်ပြီး တစ်ချို့ရွှေလုပ်ကွက်နေရာများတွင် လက်နက်ကိုင် အဖွဲ့အစည်း များသို့ တစ်လတစ်ကြိမ် ဆက်ကြေးများပေးနေရသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ကြေညာခံရသည့် အထဲတွင် ကုမ္မဏီခွဲ တစ်ခု ပါဝင်သည့် ကချင်ပြည်နယ်မှ ရှင်ဘွေယံ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ ဦးဆောင်သူ ၊  ဦးမောင်မောင်တာက  ‘ ကျွန်တော်တို့မှာ မိုးတွင်းဆို လုပ်ငန်းတွေ ရပ်ဆိုင်းထား ရတယ်။ စစ်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတော့ လုပ်သားတွေက မလုပ်ရဲဘူး။ လုပ်သားမရှိတော့ အလုပ်ကို ရပ်ထားရတယ်။ ပြန်လုပ်တော့ လက်နက်ကိုင်အဖွဲ့မှန်သမျှ ဆက်ကြေးပေး ရတယ်။ မပေး လို့မရဘူး။ ဒါတွေကို သတ္တုတွင်းရော အာဏာပိုင်အဖွဲ့အစည်း တွေကိုရောတင်ပြတယ်။ ဘာတစ်ခုမှ ဆောင်ရွက်မပေးဘူး "ဟု ပြောသည်။

အဆိုပါကုမ္ပဏီအများစုသည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ရွှေသတ္တုထုတ်လုပ်မှု အပေါ် ခွဲဝေခံစား သည့်လုပ်ငန်း သဘောတူစာချုပ်ချုပ်ဆို၍ လုပ်ကွက်များလျှောက်ထားပြီး လုပ်ကိုင်ခဲ့ကြသည်။ ထိုသို့ လုပ်ကိုင်ရာတွင် ထုတ်လုပ်မှုပေါ်မူတည်၍ စာချုပ်ပါအချက်တိုင်း သတ္တုတွင်းဝန်ကြီးဌာန က ၃၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၆၅ ရာခိုင်နှုန်း ခွဲဝေယူရသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ် သူများက ဆိုသည်။

အဆိုပါထုတ်လုပ်မှုအပေါ် ရာခိုင်နှုန်းဖြင့်ခွဲဝေခံစားသည့် စာချုပ်တွင် ထုတ်လုပ်မှုမရှိပါက ပေးသွင်းရန် မလိုဟု ပါရှိကြောင်း မြန်မာရွှေပြည်ကုမ္ပဏီမှ ဦးတင်မောင် က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

၎င်းက " ကျွန်တော်တို့က ခိုးတူးနေတာမဟုတ်ဘူး။ တရားဝင်တူးနေတာ ဒါကို အခုလိုအကြွေး ကျန်လို့ တရားစွဲမယ်ဆိုတော့ ခိုးတူးနေတဲ့သူတွေကျတော့ သူတို့ဘာလုပ်မလဲ"ဟု ပြောသည်။

ရွှေပေးသွင်းရန် ကျန်ရှိသည့် ရွှေတူးဖော်သည့် ကုမ္ပဏီ ၂၀၀ ကျော်ရှိနေပြီး ထိုအထဲမှ ပထမဆုံး အကြိမ်အဖြစ် ကုမ္ပဏီ ၂၁ ခု ကို ကြေငြာလိုက်ခြင်းဖြစ်သည်။

ကြေညာ ခံထားရသော ကုမ္ပဏီများအနေဖြင့် ကျန်သည်ဟုဆိုသည့် ရွှေကြွေးကျန်များကို ပေးသွင်းမည် မဟုတ်ဘဲ တရားစွဲဆိုမည့်ရက်ကို သာစောင့်၍ တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်း သွားမည်ဟုရွှေ လုပ်ငန်းရှင်များက သတင်းစာရှင်းလင်းပွဲတွင်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly