တင်းမာမှုလျော့ပါးရေးတောင်နှင့်မြောက် ကိုရီးယားအရာရှိ များတွေ့ဆုံဆွေးနွေးမည်

တင်းမာမှုလျော့ပါးရေးတောင်နှင့်မြောက် ကိုရီးယားအရာရှိ များတွေ့ဆုံဆွေးနွေးမည်

ဆိုးလ်၊ သြဂုတ် ၂၂ ။      ။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ထိပ်တန်းလက်ထောက်များသည် နယ်စပ်ကိုခွနေသည့် စစ်ရပ်စဲရေးကျေးရွာ ပန်မွန်ဂျွမ်ကျေးရွာ တွင်တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်ရာ လက်နက်ကိုင်ပဋိပက္ခ၏ နုတ်ခမ်းဝသို့ရောက်နေသော လိပ်ခဲတည်းလည်းအခြေအနေ အဆုံးသတ်ရေးမျှော်လင့်ချက်များမှာ မြင့်မားလာခဲ့သည်။

နယ်စပ်တလျှောက် တောင်ကိုရီးယားက ဝါဒဖြန့်ချိရေး အသံချဲ့စက်များဖွင့်နေမှုအားရပ်တန့်ရန်နှင့် မရပ်တန့်ပါက စစ်ရေးအရအရေးယူမှုနှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားက ရာဇသံပေးပြီးနောက် တစ်နာရီခွဲအကြာ အစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး၏ အမျိုးသားလုံခြုံရေးအကြံပေးနှင့် ပေါင်းစည်းရေးဝန်ကြီး တို့သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ ထိပ်တန်းစစ်ဘက်လက်ထောက် ဟွန်ပြောင်ဆိုးနှင့် ကိုရီးယားနှစ်နိုင်ငံရေးရာကိုင်တွယ်နေသည့် အကြီးတန်းအရာရှိတို့နှင့် ဆိုးလ်စံတော်ချိန်ညနေခြောက်နာရီတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားအိမ်ပြာတော်က ပြောကြားသည်။

သြဂုတ်၂၀ရက်နေ့က နှစ်နိုင်ငံခြား အမြောက်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကတည်းက ကိုရီးယားကျွန်းဆွယ်တင်းမာမှုမှာ မြင့်မားလျက်ရှိရာ တင်းမာမှုလျှော့ချရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့်မြောက် ကိုရီးယား၏ တစ်ဦးတည်းသောအဓိကမဟာမိတ်တရုတ်တို့က တောင်းဆိုခဲ့ကြသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် မဟုတ်ဘဲ စစ်ရပ်ဆိုင်းမှုတစ်ခုအနေဖြင့်သာ ၁၉၅၀-၅၃ ပဋိပက္ခကို အဆုံးသတ်ခြင်းဖြစ်ရာ တရားကိုယ်သဘောအရ စစ်ဖြစ်နေသည့် အနေအထားသာဖြစ်ရာ နယ်စပ်ဒေသများတွင် တစ်စိတ်တစ်ပိုင်းစစ်ဖြစ်နေသည့် အခြေအနေတစ်ခုအဖြစ် မြောက်ကိုရီးယားက ကြေညာထားပြီး နယ်စပ်တစ်လျှောက် ဝါဒဖြန့်ချိသည့်အနေဖြင့် ဖွင့်ထားသောတောင်ကိုရီးယား၏ အသံချဲ့စက်များ ရပ်တန့်ရန်အတွက်လည်း နောက်ဆုံးအချိန်ကို သတ်မှတ်ခဲ့သည်။

"ကိုရီးယားကျွန်းဆွယ်ရဲ့ အခြေအနေက တောင်ကိုရီးယားစစ်လိုလားသူတွေရဲ့ အဆင်ခြင်မဲ့တဲ့ ရန်စမှုတွေကြောင့် စစ်ပွဲတစစ်ပွဲရဲ့ နုတ်ခမ်းဝကို နီးကပ်လာနေပါတယ်" ဟုမြောက်ကိုရီးယား ၏ကေစီအဲန်အေ သတင်းအေဂျင်စီက အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

အကယ်၍ မြောက်ကိုရီးယားက တောင်ကိုရီးယားစစ်သားနှစ်ဦးကို ဒဏ်ရာရစေခဲ့သော စစ်မဲ့ဇုန်အတွင်း မြေမြုပ်မိုင်းပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း လက်မခံပါက ဝါဒဖြန်ချိမှုများ ဆက်လက်ထုတ် လွှင့်သွားမည်ဟု တောင်ကိုရီးယားက ပြောကြားထားသည်။ မြောက်ကိုရီးယားကမူ မြေမြုပ်မိုင်းများမထောင်ခဲ့ဟု ဆိုသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားက အသံချဲ့စက်များ ချထားခဲ့သည့်နေရာ ၁၁ခုအနက် နေရာအချို့ကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့သည်ဟုယူဆကြောင်း တောင်ကိုရီးယားဒု-ကာကွယ်ရေး ဝန်ကြီး ဘိုက်ဆီအန်ဂျူးက သြဂုတ် ၂၁ တွင်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားဘက်မှ အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် ညိနှိုင်းမှုများပြုလုပ်ရန် ခေတ္တရပ် နားထားသော နှစ်ပတ်လည်ပူးတွဲစစ်ရေးလေ့ကျင့် မှုများကို ပြန်လည်ပြုလုပ်နေပြီဟု တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈,၅၀၀ရှိသော အမေရိကန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly