မသန်စွမ်းဖြစ်မှုကြောင့် ဆရာဖြစ်ဖြေဆိုမည့်သူတစ်ဦးအား မြို့နယ်မှ ကျန်းမာရေးထောက်ခံစာမပေးဟု ဆို

မသန်စွမ်းဖြစ်မှုကြောင့် ဆရာဖြစ်ဖြေဆိုမည့်သူတစ်ဦးအား မြို့နယ်မှ ကျန်းမာရေးထောက်ခံစာမပေးဟု ဆို
ဝှီးချဲအသုံးပြုနေရသော မသန်စွမ်းတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-Google
 

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။              ။ မသန်စွမ်းဖြစ်မှုကြောင့် ကျန်းမာရေးထောက်ခံစာ မပေးနိုင်ကြောင်း မြို့နယ်ဆရာဝန်တစ်ဦးမှ ငြင်းဆိုခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး၊   မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ဆရာဖြစ်ဖြေဆိုမည့် ကိုဉာဏ်ထွန်းက ပြောသည်။

ကိုဉာဏ်ထွန်းက PPTT ဆရာဖြစ်သင်တန်း(လုပ်ငန်းခွင်အကြိုမူလတန်းဆရာ၊မ အတတ်ပညာသင်တန်း) လျှောက်ထားရန် အတွက် ကျန်းမာရေးထောက်ခံချက် လို၍ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဆရာဖြစ်ဖြေဆိုရန်အတွက် ထောက်ခံစာ မြို့နယ်မှ ခရိုင်အဆင့်သွားကာ လျောက်ထားခဲ့မှ ထောက်ခံစာ ရရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်ကမြို့နယ်မှသွားလျှောက်တော့ မရဘူးခင်ဗျ။ ခရိုင်အဆင့်ကို သွားလျောက်တော့ရတယ်ခင်ဗျ။ အဆင်ပြေပါတယ်၊ သူကမသန်စွမ်းမို့လို့ ထောက်ခံမပေးနိုင်ဘူးလို့ အဲဒီလိုပြောခဲ့တယ်လေ ဆရာဝန်က"ဟု ကိုဉာဏ်ထွန်းကပြောသည်။

ကျန်းမာရေးထောက်ခံစာတောင်းခံပါက အရင်ဆုံးစစ်ဆေးပြီးမှ ကျန်းမာကြောင်း မကျန်းမာကြောင်း ရေးသား ထုတ်ပေးသင့် သည်ဟု ဆေးရုံအုပ်တစ်ဦးမှပြောပြသည်။

"မသန်စွမ်းတာပါရင်တော့မသန်စွမ်းလို့တော့ ရေးပေးလိုက်ရတာပဲ။ ကျန်းတော့ ကျန်းမာနေတယ်။ မသန်စွမ်းဘူးလို့တော့ ရေးပေးရမှာပေါ့နော်။ အမှန်တိုင်းဆိုရင် မသန်စွမ်းလို့ မကျန်းမာဘူးတော့ မဟုတ်ဘူးပေါ့"ဟု အမည်မဖော်လိုသူ ဆေးရုံအုပ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ မသန်စွမ်းများကို ကျန်းမာရေးထောက်ခံစာထုတ်မပေးသည့်ကိစ္စနှင့်ပတ်သတ်၍ အဆင်မပြေခဲ့ဖူးသူ များလည်း ရှိနေသည်။

"မသန်စွမ်းလည်း အများနည်းတူပညာသင်ကြားထားပဲလေ။ အများနည်းတူပဲဖြစ်စေချင်တာပေါ့။ ဒါက ခွဲခြားသလိုဖြစ်နေတာလေနော်"ဟု တောင်သာမြို့နယ်မှ ကိုဉာဏ်ထွန်းကပြောသည်။

ကုလသမဂ္ဂမသန်စွမ်းသူများဆိုင်ရာသဘောတူစာချုပ် အပိုဒ်(၂၇)လုပ်ငန်းနှင့်အလုပ်အကိုင်၊ အပိုဒ်(က)၌ အလုပ်မျိုးစုံနှင့်ပတ်သတ်သည့် မည်သည့်အကြောင်းကိစ္စတွင်မဆို မသန်စွမ်းမှုကိုအခြေပြု၍ ခွဲခြားခြင်းကို ပိတ်ပင်တားမြစ်ရမည်ဟု ပြဌာန်းထားသည်။ အပိုဒ်(ခ)တွင်လည်း အခြားသူများနည်းတူ အထောက်အကူပြု သော အလုပ်အခြေအနေရပိုင်ခွင့် ရရှိစေရမည်ဟု ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၌ မသန်စွမ်းဦးရေ၂၃သိန်းကျော်ရှိနေပြီး မသန်စွမ်းသူရာခိုင်နူန်းမှာ လူဦးရေစုစုပေါင်း၏ ၄.၆ရာခိုင်နူန်းဖြစ်ပြီး အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်းသူများ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly