YBS ၁၂ တွင် ကားအသစ်များထည့်ပြီး၊ လိုင်းအသစ်၂ လိုင်းလျောက်ထား

YBS ၁၂ တွင် ကားအသစ်များထည့်ပြီး၊ လိုင်းအသစ်၂ လိုင်းလျောက်ထား
ဓာတ်ပုံ-မျိုးမင်းသန်း

ရန်ကုန်၊ ဇန်နဝါရီ ၈ ။          ။  YBS ၁၂ တွင် Yutong ဘတ်စ်ကားအသစ်များကို ဇန်နဝါရီ ၉ ရက်နေ့၌ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ဖြည့်တင်းသွားမည်ဖြစ်ပြီး ယာဉ်လိုင်းအသစ်နှစ်လိုင်းအား အသစ်တိုးချဲပြေးဆွဲရန် တင်ပြထားကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ တာဝန်ယူထားသည့် ယာဉ်လိုင်း ၅လိုင်း စလုံးအား ဒီဇင်ဘာလကုန် အပြီးသတ် ဘတ်စ်ကားအသစ်များဖြင့် လဲလှယ်သွားမည်ဖြစ်ကာ ဇန်နဝါရီတွင် ယာဉ်လိုင်းအသစ်နှစ်လိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း ဦးမျိုးမြင့်က ၂၀၁၇ နိုဝင်ဘာ၉ရက်နေ့တွင် ပြောခဲ့သည်။

 ၎င်းအစီစဉ်အတိုင်း ယခုလက်ရှိ ကားအသစ်များဖြည့်တင်းကာ ယာဉ်လိုင်းအသစ် ရရှိရန်လည်း လျောက်ထားသည်။

 "လိုင်းအသစ်ဆွဲမယ်ဆိုတာ ဟိုကချမပေးသေးဘူး။ အဲဒီလိုအသစ်တွေ၁၀စီးထပ်ရမယ်။ အစီး ၅၀ မှာထားတာ ၁၀စီးရရင် ၂၅ကိုထပ်ဖြည့်မယ်။ အဲဒီက ထွက်လာတဲ့ ကားဟောင်းအစီး ၁၀၀ရှိတယ် ကားဟောင်းဆိုပေမယ့် Yutongကားတွေ အဲကွန်းမကောင်းလို့သာ အဲဒါကို လိုင်းနှစ်လိုင်းတောင်းမှာ။ တောင်းထားပြီးပြီမကျသေးဘူး"ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

 YBS ၁၂ယာဉ်လိုင်းသည် မြောက်ဒဂုံ ၅၁ရပ်ကွက်(ယခင်အဓိပတိအဖြူဂိတ်)တွင်ဂိတ်ထားရှိကာ ဆူးလေအထိပြေးဆွဲနေသည့်လိုင်းဖြစ်သည်။

ဗန္ဓုလကုမ္ပဏီသည် ရန်ကုန်တိုင်းအစိုးရမှာ ယူထားသည့် တရုတ်နိုင်ငံထုတ် Yutongကား အမျိုးအစားများကို မှာယူထားကာ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်စက်မှုဇုံတွင် ပြန်လည်တပ်ဆင်ထားသည်။

ဘတ်စ်ကားအသစ်များသည် စီစီတီဗီကင်မရာ ၄လုံး၊ ဂျီပီအက်စနစ်၊ အဲကွန်းများ၊ အရေးပေါ်မှန်ခွဲ ကိရိယာများ၊ စပီကာများ၊ တိုင်ကြားရန်ဖုန်း၊ ယာဉ်မောင်း၏အချက်အလက်နှင့် ယာဉ်မောင်းစကားပြောနိုင်မည့် မိုက်တို့ကို တပ်ဆင်ပေးထားသည်။

၎င်း Yutong ကားများကို (၃)အသုတ်ခွဲကာမှာယူခဲ့ပြီး ပထမအသုတ် ၄၁စီး၊ ဒုတိယအသုတ် ၁၂၃စီး၊ တတိယအသုတ် အစီး၅၀ စုစုပေါင်း အစီးရေ ၂၁၄စီးမှယူထားသည်။
ယခုရောက်ရှိလာသည့်မှာ နောက်ဆုံးအသုတ်ဖြစ်ပြီး ဘတ်စ်ကားအသစ် ၁၀စီးရောက်ရန် ကျန်သေးသည်ဟုဆိုသည်။

 ကျန်ရှိသည့် ၁၀စီးအား YBS ၂၅ ယာဉ်လိုင်းတွင် ထည့်သွင်းမည်ဖြစ်သည်။

 ဗန္ဓုလကုမ္ပဏီသည် ၂၀၁၇ အောက်တိုဘာလ ၂ရက်နေ့တွင်စတင်ကာ YBS ၃၀ ၌ အစီးရေ ၂၁စီးနှင့် YBS ၃၈ ယာဉ်လိုင်း၌ အစီီးရေ ၂၀ ကို ဘတ်စ်ကားအသစ်များဖြင့် လဲလှယ်မည်ဟု ဦးမျိုးမြင့်က အောက်တိုဘာလ၁ရက်နေ့တွင် မဇ္စျိမကို ပြောခဲ့သည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ယာဉ်လိုင်း ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ယာဉ်လိုင်းများအား တာဝန်ယူပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags