တရားစွဲလာပါက ပြန်တုန့်ပြန်မည်ဟု စားသုံးသူကာကွယ်ရေးအသင်းဆို

တရားစွဲလာပါက ပြန်တုန့်ပြန်မည်ဟု စားသုံးသူကာကွယ်ရေးအသင်းဆို

ရန်ကုန်၊ဇန်နဝါရီ ၈ ။               ။ စားသုံးသူကာကွယ်ရေးအသင်း၏ "ပဲစားပွဲတော်ကန်ကွက်ခြင်း" ထုတ်ပြန်ချက်အပေါ်  ဒီဇင်ဘာ၃၁ရက်နေ့နောက်ဆုံးထားပြီး ပြန်လည်တောင်းပန်ရန်နှင့် မတောင်းပန်ပါကတရားစွဲဆိုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းစားသုံးသူရေးရာဌာနကသတ်မှတ်ထားသော်လည်း ယခုအချိန်အထိ တရားစွဲဆိုခြင်း၊ စာပို့ခြင်းမျိုး မရှိသေးကြောင်း ထိုကိစ္စအတွက် တရားစွဲဆိုရန် မည်သည့်ဥပဒေနှင့်မှ အကြံုးဝင်ခြင်းမရှိသလို တရားစွဲဆိုသည်မှာ ဖြေရှင်းနည်းမဟုတ်ပဲ တရားစွဲပါက မလွှဲသာဘဲပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

"အမြင်ကတ်ပုဒ်မတွေနဲ့ မလျော်သြဇာသုံးပြီး တရားစွဲတဲ့ခေတ်ဆိုတာမရှိတော့ဘူး။ ဥပဒေနဲ့မငြိမှန်းသိရက်နဲ့ ပြစ်မှုမမြောက်မှန်းသိရက်နဲ့ တရားစွဲမယ် ပြစ်မှုကျုးလွန်တယ်လို့မမှန်စွပ်စွဲတယ်ဆိုရင်ဒါ ပုဒ်မ၂၁၁အရ မမှန်တရားစွဲဆိုမှုတွေနဲ့ ပြန်ပြီးဆွဲလို့ရတာမျိုးရှိတာပေါ့နော် ။ဒါကိုယ်တို့ဘက်က အဲဒီတော့သူတို့ဘက်က တစ်ခုခုကိုယ်တို့ဘက်ကိုဆွဲမယ်ဆိုရင်တော့ ဒါမလွှဲသာမရှောင်သာပြန်ပြီးတော့ တရားစွဲရမှာမျိုးတွေရှိတာပေါ့ ။ သူတို့ဘက်ကဘာမှမလုပ်ရင်တော့ ကိုယ်တို့ဘက်ကဘာမှမလုပ်ပါဘူး" ဟု စားသုံးသူကာကွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

မြန်မာနိုင်ငံမှပဲများသည် သတ်မှတ်ပမာဏထက် ပိုးသတ်ဆေးပါဝင်နေ၍ ဂျပန်နိုင်ငံနှင့်ဥရောပနိုင်ငံများတွင် မဝယ်ယူကြကြောင်း ဒီဇင်ဘာ၂၆ရက်နေ့ စားသုံးသူကာကွယ်ရေးအသင်း၏ သဘောထားကြေငြာချက်အပိုဒ်(၂)တွင် ဖော်ပြထားသည်။

၄င်းနိုင်ငံများမှမဝယ်ယူသည်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းကျန်ကြောင့်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှာ နိုင်ငံပိုင်သတင်းစာတွင် ဖြေကြားဖူးသည်ဟု စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ  ဦးဗအုပ်ခိုင်ကဆိုသည်။

ထိုအချက်ကို မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းက ကန့်ကွက်ထားကာ အဆိုပါနိုင်ငံများသို့ ၂၀၁၅ခုနှစ်တွင် တန်ချိန်လေးသောင်းကျော်၊ ၂၀၁၆ခုနှစ်တွင်တန်ချိန်လေးသောင်းသုံးထောင်ကျော်၊ ၂၀၁၇တွင် တန်ချိန်ငါးသောင်းကျော်တင်ပို့နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမြင့်လွင်က ဓာတ်ကြွင်းပမာဏများ၍ ငြင်းပယ်ခံရမှုအချို့ရှိသည်မှာမှန်ကြောင်းပြောဆိုထားသည်ကို စားသုံးသူရေးရာဦးစီးဌာန၏ ဖော်ပြချက်တွင် တွေ့ရသည်။

အိန္ဒိယသို့တင်ပို့သည့်ပဲများနှင့်ပတ်သတ်၍ ပိုးသတ်ဆေးကိစ္စကြောင့် ရပ်တန့်ရခြင်းမဟုတ်ကြောင်းကို လက်ခံကြောင်း ဦးဗအုပ်ခိုင်က ပြောဆိုခဲ့သည်။

ပဲစားပွဲတော်များမှ ကျွေးမွေးသည့်ပဲနမူနာများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေပြီဖြစ်သည်ဟု ဦးဗအုပ်ခိုင်ကပြောသည်။

လက်ရှိဖြစ်စဉ်များနှင့် ပတ်သတ်၍ တောင်းပန်စာမဟုတ်သည့်စာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီးပွားကူးသန်းဝန်ကြီးတို့ထံ  စားသုံးသူကာကွယ်ရေးအသင်းက စာပို့ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly