အိမ်ဖြူတော်အစိုးရ မကောင်းကြောင်း စွပ်စွဲရေးထားသည့် စာအုပ်ထွက်ရှိမှု ထရမ့် ဒေါသတကြီး တုန့်ပြန်

အိမ်ဖြူတော်အစိုးရ မကောင်းကြောင်း စွပ်စွဲရေးထားသည့် စာအုပ်ထွက်ရှိမှု ထရမ့် ဒေါသတကြီး တုန့်ပြန်

 

ဇန်နဝါရီ ၅ ။             ။ အိမ်ဖြူတော်အစိုးရအကြောင်း စွပ်စွဲတိုက်ခိုက်ရေးသားချက်တွေ ပါ၀င်တဲ့ Fire and Fury စာအုပ် ယနေ့ ဇန်နဝါရီ  ၅ ရက် မှာ ထွက်ရှိမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က   ဒေါသတကြီး ပြစ်တင် ပြောကြားလိုက်ပါတယ်။

သူ့ အစိုးရနဲ့ပတ်သက်လို့ ထိခိုက်နစ်နာအောင် စွပ်စွဲရေးသားထားတဲ့ ယင်းစာအုပ်ပါ အကြောင်းအရာတွေဟာ တကယ်တမ်းတော့ အလိမ်အညာတွေချည်းသာ ဖြစ်တယ်လို့ ထရမ့်က တွစ်တာကနေတဆင့် တိုက်ခိုက်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတည်းက "Fire and Fury: Inside the Trump White House" ဆိုတဲ့ စာအုပ်ထုတ်မယ့် အစီအစဉ်ကို ရပ်တန်းက ရပ်ဖို့ ထရမ့်ရဲ့ ရှေ့နေတွေဘက်က ဖိအားပေး ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ထုတ်ဝေသူတွေဘက်ကတော့ မူလ စီစဉ်ထားတဲ့ သတ်မှတ်ရက်ထက်တောင် လေးရက်စောပြီး ယနေ့ သောကြာနေ့မှာပဲ ထုတ်ဝေဖို့ ပြောင်းလဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ယင်းစာအုပ်ကိုတော့ နိုင်ငံရေးရာ စူးစမ်းဝေဖန်သူ စာရေးဆရာ မိုက်ကယ် ၀ို့ဖ် က ရေးသားထားတာဖြစ်ပြီး ထရမ့်ရဲ့ လက်ထောက်အမှုထမ်းတွေရဲ့ ပြောဆိုချက်တွေကို ကိုးကား ရေးသားထားတယ်လို့ ဆိုပါတယ်။ စာအုပ်ထုတ်ဝေသူကတော့ စတိဗ် ရက်ဘင် ဖြစ်ပါတယ်။

ထရမ့်ရဲ့ သားဖြစ်သူနဲ့ ရုရှ ရှေ့နေတွေ တွေ့ဆုံခဲ့မှုဟာ တကယ်တော့ နိုင်ငံတော် သစ္စာဖောက်ရာ ကျတယ်ဆိုပြီး ထုတ်ပယ်ခံထားရတဲ့ အိမ်ဖြူတော်မဟာဗျူဟာအရာရှိချုပ်ဟောင်း စတိဗ် ဘန်နွန်က ပြောဆိုထားခဲ့ကြောင်း ယင်းစာအုပ်မှာ ကိုးကားဖော်ပြထားပါတယ်။

" ဒီ လံကြုပ် စာအုပ်ကို ရေးတဲ့ သူကို  ကျုပ် ဘယ်တုန်းကမှ ဒီအိမ်ဖြူတော်ထဲ ၀င်ခွင့်မပေးခဲ့ပါဘူးဗျာ၊ စာအုပ်နဲ့ပတ်သက်လို သူနဲ့လည်း ဘာတစ်ခွန်းမှတောင် မပြောခဲ့ရပါဘူး၊ ဒီလိုဆိုတော့လည်း ဒီစာအုပ်က အလိမ်အညာတွေ၊ သောက်တလွဲ ရေးချက်တွေ၊ တကယ်မရှိခဲ့တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားမှုတွေနဲ့ ပြည့်နေမှာပဲလေ" ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် တုန့်ပြန်ထားပါတယ်။

သမ္မတ ထရမ့်ကို စိတ် ဂဏာမငြိမ်သူ ဆိုပြီး ဖော်ပြထားတဲ့ ယင်းစာအုပ်ထဲမှာတော့ မဟာဗျူဟာအရာရှိချုပ်ဟောင်း စတိဗ် ဘန်နွန်ဆီကနေ ပြောကြားချက်တွေကို ကိုးကားထားခဲ့ပါတယ်။

သြဂုတ်လက ထုတ်ပယ်ခံလိုက်ရတဲ့ စတိဗ် ဘန်နွန် ဟာဆိုရင် ၎င်းရဲ့ အိမ်ဖြူတော် ရာထူးတာဝန်ကို လက်လွှတ်လိုက်ရပြီးကတည်းက ဦးနှောက်ချောင်သွားပြီ ဆိုပြီး ထရမ့်က အစောပိုင်းတုန်းက ပြောဆိုထားခဲ့ပါသေးတယ်။

" မစ္စတာ ထရမ့်နဲ့ပတ်သက်လို့ အခြေအမြစ်မရှိတဲ့ ဖော်ပြချက်တွေပါတဲ့ ခင်ဗျားတို့ရဲ့ ဒီစာအုပ် ထုတ်ဝေတာက အစိုးရကို အသရေဖျက်ရာ ရောက်နေပါပြီ" ဆိုပြီး ထရမ့်ရဲ့ ရှေ့နေတွေက စာအုပ်ရေးသားသူ ၀ို့ဖ်ထံ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly