တောင်အာဖရိကတွင် ရထားနှင့် ထရပ်ကား တိုက်မိ၍ ၁၈ ဦး သေ၊ ၂၅၀ ကျော် ဒဏ်ရာရ

တောင်အာဖရိကတွင် ရထားနှင့် ထရပ်ကား တိုက်မိ၍ ၁၈ ဦး သေ၊ ၂၅၀ ကျော် ဒဏ်ရာရ

 

ဇန်နဝါရီ ၅ ။          ။ တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က မီးရထားတစ်စီးနဲ့ ထရပ်ကားတစ်စီး ရထားလမ်းကူးတစ်ခုမှာ တိုက်မိမှု ဖြစ်ပွားပြီး လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးကာ ၂၅၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပို့တ် အဲလိဇဘက်မြို့ကနေ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ဆီ ဦးတည်ထွက်ခွာလာခဲ့တဲ့ အဆိုပါ မီးရထားဟာ ထရပ်ကားနဲ့တိုက်မိပြီးနောက တွဲဆိုင်းအများအပြားလည်း လမ်းချော်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် လိမ်ပိန်ကောက်ကွေးသွားတဲ့ တွဲတစ်ချို့မှာ မီးစွဲလောင်မှုတွေပါ ရှိခဲ့ပြီး မီးခိုးတွေပါ အလိမ့်လိုက် လေထုထဲ တက်လာတာကိုပါ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ယင်းအချိန်မှာ သွေးပျက်ကြောက်လန့်နေတဲ့ ခရီးသည်တွေဟာလည်း မီးအန္တရာယ်ကနေ လွတ်ဖို့ တွဲဆိုင်းတွေထဲကနေ အသည်းအသန် ကုပ်တွယ်ဖက်တက် ထွက်ပြေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ကိုယ်တွေ့ကြံုတွေ့ခဲ့ရသူတစ်ဦးဖြစ်တဲ့ တီယာအန် အက်စတာဟွေဇန် ဆိုသူရဲ့ ပြောပြချက်အရ ၎င်းဟာဆိုရင် မီးလောင်နေခဲ့တဲ့ ခရီးသည်တွဲဆိုင်းတစ်ခုမှာ ပိတ်မိနေတဲ့ အမျိုးသမီး သုံးဦးကို ကယ်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

" တွဲဆိုင်း ၁၂ ဆိုင်းလောက် ချော်ထွက်သွားတာကို တွေ့ခဲ့ရတယ်၊ တစ်ခုဆိုရင် မီးတောင် လောင်နေပါပြီ၊ အမျိုးသမီးတစ်ချို့ရဲ့ အော်သံတွေကိုလည်း ကြားခဲ့ရပါတယ်၊ တွဲတွေထဲကနေ ကျွန်တော်နဲ့အတူ လူနည်းနည်းလောက်ပဲ ထွက်နိုင်ခဲ့ကြပါတယ်၊ မိန်းမတစ်ယောက်ဆိုရင် သူ့ ကလေးအထဲမှာ ကျန်နေတယ်ဆိုပြီး အော်ငိုနေတာတွေ့ရပါတယ်၊ ကျွန်တော်တို့ ၀ိုင်းရှာပေးခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး" လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

ယင်းနောက် အဆိုပါ ရထားနှင့် ကားတိုက်မိသည့်နေရာသို့ ကယ်ဆယ်ရေးသမားတွေ ရောက်လာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

" ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်၊ ခုလို လူတွေအများကြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာ အဓိက တာဝန်ယူရမှာက ထရပ်ကား ဒရိုင်ဘာ ဖြစ်ပါတယ်၊  သူလည်း ဒဏ်ရာတွေ ရထားလို့ ခု သူ့ကို ဆေးရုံကို ခေါ်သွားပါပြီ " ဆိုပြီး ပို့ဆောင်ရေးဝန်ကြီး ဂျိုး မက်စ်ဝန်ဂန်ယီက သတင်းထောက်တွေကို ပြောသွားပါတယ်။

မီးရထားနဲ့ ထရပ်ကားတိုက်မိမှုဖြစ်စဉ်က ဒေသစံတော်ချိန် မနက် ၉ နာရီ ၀န်းကျင်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags