တောင်ကိုရီးယားနှင့်အကြား ဆွေးနွေးမှုများ လုပ်ဆောင်ရန် မြောက်ကိုရီးယားက ဟော့လိုင်း ပြန်ဖွင့်

တောင်ကိုရီးယားနှင့်အကြား ဆွေးနွေးမှုများ လုပ်ဆောင်ရန် မြောက်ကိုရီးယားက ဟော့လိုင်း ပြန်ဖွင့်

ဇန်နဝါရီ ၃ ။           ။ တောင်ကိုရီးယားနဲ့အကြား အပြန်အလှန် ဆွေးနွေးသွားနိုင်ဖို့အတွက် ဟော့လိုင်းတစ်ခု ပြန်ဖွင့်လိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က ဇန်နဝါရီ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ လာမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ မိမိတို့ ကစားသမားတွေ ပါ၀င်ဆင်နွှဲဖို့အရေး ယင်းဟော့လိုင်းကနေတဆင့် ဆွေးနွေးသွားမယ်လို့ ပြံုယမ်းဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားဘက်က ဖြတ်တောက်ထားခဲ့တဲ့ ယင်း အရေးပေါ် သီးသန့်ဖုန်းလိုင်းကို ယခုအခါ ဂရင်းနစ်စံတော်ချိန် မနက် ၆ နာရီခွဲမှာ ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် နှစ်ဘက်အကြား မိနစ် ၂၀ လောက် ဖုန်းပြောဆိုမှု လုပ်ခဲ့ကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နေ့က နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားမယ်ဆိုပြီး တောင်ကိုရီးယားဘက်က အဆိုပြုကမ်းလှမ်းလိုက်ပြီးနောက် ယခုလို မြောက်ကိုရီးယားဘက်က   ဟော့လိုင်းပြန်ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားတို့အနေနဲ့ ပြီးခဲ့တဲ့လတွေအတွင်း ပိတ်ဆို့တားမြစ်မှုတွေကြားကနေ လက်နက်အစီအစဉ်တွေ တိုးမြင့်လုပ်ဆောင်လာခဲ့မှုကြောင့် တင်းမာမှုတွေ မြင့်တက်လာနေခဲ့ရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ယင်းနိုင်ငံရဲ့ ခေါင်းဆောင် ကင်မ်ဂျံုအန်းဆီကနေ ပျော့ပြောင်းတဲ့ လေသံတစ်ချို့ကို ရှားရှားပါးပါး တွေ့မြင်လာခဲ့ရပါတယ်။

ဆိုးလ်ဘက်ကတော့ လာမယ့်ဇန်နဝါရီ ၉ ရက်မှာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးသွားလိုတယ်ဆိုပြီး ထုတ်ဖော်ကမ်းလှမ်းထားလိုက်ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly