ရခိုင်ပြည်နယ်ပညာရေးမှူး ပါမောက္ခရာထူးဖြင့် ရွှေဘိုတက္ကသိုလ်သို့ ပြောင်းရွှေ့

ရခိုင်ပြည်နယ်ပညာရေးမှူး ပါမောက္ခရာထူးဖြင့် ရွှေဘိုတက္ကသိုလ်သို့ ပြောင်းရွှေ့

 

စစ်တွေ၊ ဇန်နဝါရီ ၃ ရက်။                        ။ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းသည် အဆင့်မြင့်ပညာဦးစီးဌာန၊ ရွှေဘို တက္ကသိုလ်၊ မနုဿဗေဒဌာနတွင် ပါမောက္ခရာထူးကို ရရှိကာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပြောင်းရွှေ့ ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ပညာရေးဝန်ကြီးဌာနတွင် အစည်းအဝေးပြုလုပ်ကာ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၇) စားပွဲတင်အစီစဉ် (၂) အရ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်း လည်းဖြစ်သည်။

“အော်ဒါ မရောက်သေးတော့ ပြောဖို့ခက်တယ်။ ငါ့ဆီကို တရားဝင် မရောက်သေးဘူး။ ဖေ့ဘွတ်တွေမှာတော့ တွေ့တယ်။ ” ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက မေးမြန်းစဉ် ဖြေကြားခဲ့သည်။

ဦးအောင်ကျော်ထွန်းသည် ရခိုင်ပြည်နယ်ပညာရေးမှူးအဖြစ် ၂၀၁၆ ခုနှစ် ဧပြီလ ရ ရက်နေ့မှ စတင်ကာ ယနေ့ထိ တာဝန် ထမ်းဆောင်နေဆဲဖြစ်သည်။

မူလတန်းပြမှ လက်ထောက်ပညာရေးမှူးဖြစ်သည်အထိ ရခိုင်တွင်ထမ်းဆောင်ခဲ့ပြီး ရာထူးတိုးဖြင့် ဧရာဝတီသို့ ပြောင်း ရွေ့သွားကာ ယင်းနောက် ရခိုင်ပြည်တွင် ဒုညွှန်ကြားရေးမှူးအဖြစ် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်နယ်ပညာ ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဦးအောင်ကျော်ထွန်းက “ဧရာဝတီမှာ ၂ နှစ်လောက် တာဝန်ထမ်းဆောင်တယ်။ အားလုံးသိတဲ့အတိုင်းပဲ ရခိုင်ပြည်ရဲ့ ပညာရေးဟာ နိမ့်ကျနေတယ်။ ဒါ ကြောင့်မိုလို့ ကိုယ့်မှာ တတ်ထားတဲ့ ပညာတွေနဲ့ အတွေ့အကြံုတွေနဲ့ ခရိုင်မှူး၊ မြို့နယ် မှူးတွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်ပြည်နယ်ရဲ့ ပညာရေးအရွေ့ကလေး တစ်ခုရောက်မလားလို့ ကြိုးစားခဲ့တာပေါ့လေ။” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကာလရှည်တစ်ခုကြာမြင့်စွာ လွှမ်းမိုးထားခဲ့သော တက္ကသိုလ်ဝင်တန်းများ၏ မသမာမှုနည်းလမ်းသုံး ဖြေဆိုခြင်းကို လျှော့ချနိုင်ခဲ့ခြင်း၊ ဆရာ၊ ဆရာမများအား ကျောင်းပုံမှန်တက်ရန် လှှုံ့ဆော်နိုင်ခဲ့ခြင်း၊ ကျောင်းအဆောက်အဦး အများအပြား တည်ဆောက်နိုင်ခဲ့ခြင်း၊ အသက် ၃၅ နှစ်အောက် ပြင်ပ ပုဂ္ဂိုလ် ၅၀၀ ဦးထက်မနည်းကို ကျောင်းဆရာအဖြစ် ခန့်ထားနိုင်ခဲ့ခြင်းတို့အပြင်  အခြေခံပညာကျောင်းများတွင် အသုံးပြုနေသော မေးခွန်းလွှာများကို အဆင့်မီနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းပါအဝင် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) ပညာရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းအား အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၊ ဗန်းမော်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာဌာနတွင် ပါမောက္ခရာထူးကို ရယူစေပြီး လေ့လာဆန်းစစ် အကဲဖြတ်ရေး အလုပ်တာဝန်များအဖွဲ့တွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်မောင်အား အဆင့်မြင့်ပညာဦးစီးဌာနသို့ ပြောင်းရွှေ့ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုယ့်ဒေသကိုပဲ လုပ်ချင်တယ်။ အဲဒီနေရာကို နည်းနည်းလေးမှ မသွားချင်ဘူး။ ပင်စင်ယူရမှာလည်း တစ်နှစ်ကျော် လောက်ပဲ ကျန်တော့တယ်။ ရခိုင်ပြည်ရဲ့ပညာရေးတိုးတက်မှုကိုလည်း အနှောင့်ယှက်တစ်ခုလောက်တော့ ဖြစ်သွားမလား စိုးရိမ်မိတယ်။ တိုးတက်ဖို့ အရှိန်အဟုတ်ရနေတဲ့ ပညာရေးအတွက် အနှောင့်ယှက်တွေ ဖြစ်သွားနိုင်တယ်။”ဟု ဆရာကြီး ဦးအောင်ကျော်ထွန်းက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly