ဘိုကိုဟာရမ် ခေါင်းဆောင်က ရုပ်သံဗီဒီယိုတစ်ခု ထုတ်လွှင့်ပြီး နိုင်ဂျီးရီးယားအစိုးရကို ခြိမ်းခြောက်

ဘိုကိုဟာရမ် ခေါင်းဆောင်က ရုပ်သံဗီဒီယိုတစ်ခု ထုတ်လွှင့်ပြီး နိုင်ဂျီးရီးယားအစိုးရကို ခြိမ်းခြောက်

ဇန်နဝါရီ ၃ ။            ။ နိုင်ဂျီးရီးယားနိုင်ငံမှာ မကြာသေးတဲ့ကာလအတွင်း ဘိုကိုဟာရမ်စစ်သွေးကြွအုပ်စုရဲ့ တိုက်ခိုက်မှု ဖြစ်စဉ် ပြန်လည်အရှိန်မြင့်တက်လာခဲ့ပြီးနောက် ယခုအခါ ယင်းအဖွဲ့က ခေါင်းဆောင်ဖြစ်သူက ရုပ်သံဗီဒီယိုတစ်ခု ထုတ်လွှင့်ပြီး အာဏာပိုင်တွေကိုပါ ခြိမ်းခြောက်သတိပေးလာခဲ့ပြန်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ပွဲတော်ရာသီကာလအတွင်း ယင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဘိုကိုဟာရမ် အဖွဲ့ခေါင်းဆောင် အဘူဘာကာ ရှက်ကော်က ဇန်နဝါရီ ၂ ရက်မှာ ဗီဒီယိုတစ်ခု ထုတ်လွှင့်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ယခုလို ဘိုကိုဟာရမ်ခေါင်းဆောင်ရဲ့ ဗီဒီယို ပေါ်ထွက်လာမှုကြောင့်လည်း နိုင်ငံမှာ အဆိုပါ ဂျီဟက်ဒစ် စစ်သွေးကြွအုပ်စုကို ကောင်းကောင်းနှိမ်နင်းထားလိုက်နိုင်ပြီ ဆိုပြီး အစောပိုင်းက နိုင်ဂျီးရီးယားအစိုးရရဲ့ ထုတ်ပြန်ပြောကြားထားချက်အပေါ် သံသယတွေ ၀င်လာခဲ့ပြီ ဖြစ်ပါတယ်။

" ကျူပ်တို့ အရင်အတိုင်းပဲ အခြေမပျက် ဆက်ရှိနေတုန်းပါ၊ ဘာမှ မပြောင်းလဲသွားပါဘူး" ဆိုပြီး ကြာမြင့်ချိန် ၃၁ မိနစ်ရှိတဲ့ ယင်းဗီဒီယိုထဲမှာ အဘူဘာကာ ရှက်ကော်က ပြောထားပါတယ်။

" နိုင်ဂျီးရီးယားစစ်သားတွေ၊ ရဲတွေနဲ့ ကျူပ်တို့အဖွဲ့ကို ဒုက္ခပေးဖို့ ကြံနေသူအားလုံး ကျူပ်တို့ကို ဘယ်လိုမှ နှိမ်နင်းလို့ ရမှာမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်၊ ခင်ဗျားတို့ ကျူပ်တို့ကို နိုင်မှာ မဟုတ်ပါဘူး" ဆိုပြီး ၎င်းက ယင်းဗီဒီယိုထဲမှာ ပြောသွားခဲ့ပါတယ်။

" ကျူပ်တို့ မိုင်ဒူဂူရီမှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်၊ ဂမ်ဘိုရူ မှာရော၊ ဒမ်ဘိုအာမှာရော ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေက ကျူပ်တို့အဖွဲ့ လက်ချက်တွေချည်းပဲ" ဆိုပြီးတော့လည်း ပြောသွားခဲ့ပါတယ်။

ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်ဒူဂူရီမြို့မှာ လူ ၂၅ ဦး သေဆုံးစေခဲဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုဖြစ်စဉ်တစ်ခုနဲ့အတူ ဘိုကိုဟာရမ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေတာနဲ့အမျှ ယခုလို ယင်းအဖွဲ့က ခေါင်းဆောင်ဖြစ်သူရဲ့ ဗီဒီယိုပါ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly