မိမိ၏ နျူကလီးယားလက်နက် ခလုတ်က ပိုကြီးကြောင်း ကင်မ်ဂျံုအန်းကို ဒေါ်နယ်ထရမ့် လှောင်ပြောင် ပြောဆို

မိမိ၏ နျူကလီးယားလက်နက် ခလုတ်က ပိုကြီးကြောင်း ကင်မ်ဂျံုအန်းကို ဒေါ်နယ်ထရမ့် လှောင်ပြောင် ပြောဆို

ဇန်နဝါရီ ၃ ။              ။ မိမိဆီမှာ ရှိတဲ့ နျူကလီးယားပစ်လွှတ် စက်ခလုတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းဆီမှာ ရှိတယ်ဆိုတဲ့ ခလုတ်ထက် ပိုကြီးပြီး၊ ပိုအစွမ်းထက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တုန့်ပြန် လှောင်ပြောင် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းက နှစ်သစ်ကူးမိန့်ခွန်းပြောဆိုခဲ့ရာမှာ သူ့စားပွဲမှာ နျူကလီးယားပစ်လွှတ် စက်ခလုတ် အသင့်ရှိနေကြောင်း ခြိမ်းခြောက်ပြောဆိုထားခဲ့ခြင်းအပေါ် ထရမ့်က အထက်ပါအတိုင်း တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

" မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်က သူ့စားပွဲမှာ နျူကလီးယားလက်နက် ခလုတ် အသင့် ရှိတယ်လို့ ပြောခဲ့သဗျ၊ အဲဒီတော့ဗျာ၊ သူ့နိုင်ငံသားတွေထဲက တစ်ယောက်လောက် ကျေးဇူးပြုပြီး ကင်မ်ကို ပြောပေးကြစမ်းပါ၊ ကျုပ်ဆီမှာလည်း နျူကလီးယား လက်နက် စက်ခလုတ်တစ်ခု ရှိပါတယ်လို့၊ ဒါပေမယ့် ကျူပ်ဆီမှာ ရှိတဲ့ စက်ခလုတ်က သူ့ရဲ့ ခလုတ်ထက် ပိုကြီးပြီး ပိုအစွမ်းထက်တယ်ဆိုတာလေးပါ ထည့်ပြောလိုက်စမ်းပါဗျာ" ဆိုပြီး ဒေါ်နယ်ထရမ့်က တွစ်တာကနေတဆင့် လှောင်ပြောင်ရေးသားထားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်က နှစ်ကူး မိန့်ခွန်းမှာ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ခဲ့သော်ငြားလည်း တစ်ချိန်တည်းမှာလည်း ၎င်းအနေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း စိတ်ဝင်စားပါကြောင်း၊ တောင်ကိုရီးယားဘက်မှာ ကျင်းပမယ့် အားကစားပွဲတွေမှာလည်း သူ့နိုင်ငံသားတွေ ၀င်နွှဲနိုင်ကြောင်း ထုတ်ဖော်ရင်း ပျော့ပျောင်းတဲ့ သဘောထားတစ်ချို့ကိုလည်း ထုတ်ဖော်ထားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့အကြား လာမယ့် ဇန်နဝါရီလ ၉ ရက်မှာ အဆင့်မြင့်လယ်ဗယ် ဆွေးနွေးမှုတွေ ပြုလုပ်သွားလိုကြောင်းလည်း တောင်ကိုရီးယားတို့က ယမန်နေ့တုန်းက ထုတ်ပြန်အဆိုပြုထားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags