သိန်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ကွန်ဟိန်းမြို့နယ်တွင် ဖမ်းမိ

သိန်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ကွန်ဟိန်းမြို့နယ်တွင် ဖမ်းမိ
ဓာတ်ပုံ- ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

 

ရန်ကုန်၊ ဇန်နဝါရီလ ၂ ။           ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ သံလွင်တံတား(တာကော်) စစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ကားအောက်ပိုင်း၌ ဝှက်ပြီးသယ်ဆောင်လာသော ကျပ်သိန်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ICE မူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သံလွင် တံတား(တာကော်) စစ်ဆေးရေးဂိတ်တွင် လုံခြံုရေးဆောင်ရွက်နေသော ဗိုလ်မှူး ဝင်းမင်းသန်း ဦးစီးအဖွဲ့အပါ အဝင် စရဖနှင့် လူ/ကုန်/တားအဖွဲ့တို့က ခိုလန်ဘက်မှ တာမိုညှင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော TOYOTA (HILUX) ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးခဲ့ရာမှ အဆိုပါ ယာဉ်အောက်ပိုင်းတွင် အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာသော  ICE အမျိုး အစားမူးယစ်ဆေးဝါး  ၁ ကီလိုထုပ် ၆၂ ထုပ်၊ ခန့်မှန်းတန်ဖိုး (၁)ကီလိုလျှင် ကျပ်သိန်း ၂၅ဝ ဖြင့် စုစုပေါင်း ကျပ်သိန်း ၁၅၅ဝဝ သိန်းခန့်နှင့် ယာဉ်မောင်းဖြစ်သူ အသက် ၂ဝ အရွယ် ရှိန်တဲ့စင်ဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

“ ရှိန်တဲ့စင်ကို ဖမ်းပြီးတော့ သူ့ကိုစစ်လိုက်တော့ ဒီကောင်က ဗမာစကားသိပ်မတတ်ဘူး။ နားလည်တဲ့သူနဲ့ စစ်လိုက်တဲ့အချိန်မှာ သူကိုခိုင်းတဲ့သူက ရှေ့ကနေ ကားတစ်စီးနဲ့ ကြိုသွားနေတယ်လို့ ပြောတော့ ကျွန်တော်တို့ ကာကွယ်ပူးပေါင်းအဖွဲ့ကနေပြီးတော့မှ သက်ဆိုင်ရာ မြို့နယ်ကိုချိတ်ဆက်လိုက်တော့ အဲ့ဒီက မြို့နယ်မှူးအဖွဲ့က ကြိုစောင့်ပြီး သတင်းပေးတဲ့ကားကို ဖမ်းလိုက်တဲ့အချိန်မှာ ရှိန်တဲ့စင် ပြောပြတဲ့ ပိုင်ရှင်လို့ ယူဆရတဲ့သူနဲ့ ကား ပေါ်ပါတဲ့သူ ၃ ဦး ထပ်ပြီးဖမ်းဆီးရမိခဲ့တာပေါ့”ဟု ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးနှင့်အတူဖမ်းရမိခဲ့သူ ရှိန်တဲ့စင်ဆိုသူအပါအဝင် ၅ ဦးအား ကွန်ဟိန်းမြို့နယ်၊ ကာလိနယ်မြေရဲစခန်းတွင် မယ(ပ)/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ - ၁၅/ ၁၉ (က)/ ၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly