နယ်စပ်ဘင်္ဂါလီဒုက္ခသည်စခန်းအနီး အစ္စလာမ်မစ်စစ်သွေးကြွဟု သံသယရှိသူတစ်ဦး ဖမ်းမိ

နယ်စပ်ဘင်္ဂါလီဒုက္ခသည်စခန်းအနီး အစ္စလာမ်မစ်စစ်သွေးကြွဟု သံသယရှိသူတစ်ဦး ဖမ်းမိ

ဇန်နဝါရီ ၁ ။           ။  နယ်စပ် Ukhia ခရိုင်ရှိ မြန်မာဖက်မှ တိမ်းရှောင်ထွက်ပြေးလာသော ဘင်္ဂါလီမွတ်စလင် ထောင်ပေါင်းများစွာရှိနေသည့် ဒုက္ခသည်စခန်းအနီး အစ္စလာမ်မစ်စစ်သွေးကြွဟု သံသယရှိသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်က ဖမ်းဆီးရမိသည်။

အသက် ၃၀ ရှိ Sharful Awal ဆိုသူကို မွတ်စလင်အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစ္စလာမ်မစ်အစွန်းရောက်ဝါဒအား ကိုင်တွယ်ဖြေရှင်းရေး အထူးရဲတပ်ဖွဲ့ဖြစ်သည့် Rapid Action Battalion RAB မှ နိုင်ငံတကာဂျီဟတ်အဖွဲ့များနှင့် ခိုးကာဆက်သွယ်သည်ဟု ဖမ်းဆီးခြင်း ဖြစ်သည်။

Awal သည် စစ်တကောင်းဒေသတွင် အကြမ်းဖက်မှုနှင့် ဖောက်ခွဲရေးဆက်စပ်ပြစ်မှုတို့ဖြင့် စစ်ဆေးခံခဲ့ရရာတွင် ဇန်နဝါရီလအတွင်းက လွတ်မြောက်လာခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း RAB မှ ဌာနေအကြီးအကဲ Ruhul Amin က ထုတ်ပြန်ချက်တွင် ဆိုသည်။

ထိုသို့ လွတ်လာသော်လည်း Awal သည် နိုင်ငံတကာစစ်သွေးကြွအဖွဲ့ အသီးသီးနှင့် လူမှုမီဒီယာမှတဆင့် ချိတ်ဆက်ကာ ဂျီဟတ်ဆင်နွှဲပြီး အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေး လုံးပမ်းကြိုးစားလာကြောင်း Amin က ဆိုသည်။

Awal သည် ပြည်တွင်းအစ္စလာမ်အုပ်စုဖြစ်သည့် Jamayetul Mujahideen Bangladesh JMB အဖွဲ့၏ အုပ်စုခွဲသစ်မှ အဖွဲ့ဝင်ဖြစ်နိုင်ပြီး ဌာနေအစွန်းရောက်များကို စည်းလုံးရာတွင် ပါ၀င်သူအဖြစ် ရဲက ကောက်ချက်ချထားသည်။

JMB အုပ်စုသစ်သည် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားသာ ၁၈ ဦးကို သေနတ်ဖြင့် ပစ်ခြင်း၊ ဓားဖြင့်ခုတ်ခြင်းတို့ဖြင့် အသေသတ်ဖြတ်ခဲ့သော ဒါကာကဖေးဆိုင် တိုက်ခိုက်မှုအပါအဝင် နိုင်ငံခြားသားများနှင့် ဘာသာရေးလူနည်းစုများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ကြောင်း အပြစ်ဆိုထားသည်။

သို့့သော် Awal နှင့် ဘင်္ဂါလီဒုက္ခသည်များကြား မည့်သည့် ဆက်သွယ်မှုမှ မတွေ့ရကြောင်းတော့ Amin က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags