ထိုင်းလေဆိပ်တွင် နှစ်လကျော်ကြာ သောင်တင်နေသည့် ဇင်ဘာဘွေမိသားစုကို ကုလ ကူညီမည်

ထိုင်းလေဆိပ်တွင် နှစ်လကျော်ကြာ သောင်တင်နေသည့် ဇင်ဘာဘွေမိသားစုကို ကုလ ကူညီမည်

ဒီဇင်ဘာ ၃၀ ။           ။ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်တစ်ခုမှာ လနဲ့ချီ သောင်တင်နေလျက်ရှိတဲ့ ဇင်ဘာဘွေ မိသားစုတစ်စုကို ကူညီပေးဖို့ စီစဉ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ကလေးငယ်လေးဦးနဲ့ လူကြီး လေးဦးတို့ ပါ၀င်တဲ့ အဆိုပါ ဇင်ဘာဘွေ မိသားစုက ပြီးခဲ့တဲ့ မေလက ထိုင်းနိုင်ငံကို အလည်အပတ်ခရီး ရောက်လာခဲ့တယ်လို့ သိရပြီး ယခုအခါ ၎င်းတို့ရဲ့ ဗီဇာသက်တမ်း ကုန်သွားပြီဖြစ်ကာ မူလနိုင်ငံ ဇင်ဘာဘွေကို ပြန်ဖို့ ငြင်းဆန်နေကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့ မိခင်နိုင်ငံကို ပြန်ရောက်ရင် နှိပ်စက်ညှင်းပန်းခံရမယ့် အပေါ် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ယခုအခါမှာ ၎င်းတို့ဟာ ထိုင်းမှာ ဒုက္ခသည်အဖြစ် ဆက်နေဖို့ တောင်းဆိုထားခဲ့ပေမယ့် အာဏာပိုင်တွေဘက်က လက်ခံခဲ့ခြင်း မရှိပါဘူး။

ယခုအချိန်မှာ ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ နှစ်လကျော် သုံးလနီးပါး နေထိုင်နေကြလျက်ရှိတဲ့ အဆိုပါ ဇင်ဘာဘွေ မိသားစုကို ကူညီပေးနိုင်ဖို့ အစီအစဉ်ချမှတ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

အဆိုပါ ဇင်ဘာဘွေ မိသားစုဟာ ထိုင်းနိုင်ငံကို ခရီးသွားတွေအနေနဲ့ ရောက်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာပဲ စပိန်နိုင်ငံ ဘာစီလိုနာကို လေယာဉ်နဲ့သွားဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူတို့ဆီမှာ စပိန်ဗီဇာမရှိလို့ သွားလို့မရခဲ့ဘူးလို့ သိရပါတယ်။ ယင်းနောက် ၎င်းတို့ဟာ ဒူဘိုင်းကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး ယင်းကနေတဆင့် နောက်တစ်နိုင်ငံကို ကူးဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ဘန်ကောက်ကိုပဲ ပြန်ပို့ခံခဲ့ရတယ်လို့ သိရပါတယ်။ ယင်းအချိန်ကတည်းက ၎င်းမိသားစုဟာ ဘန်ကောက် လေဆိပ်မှာ သောင်တင်နေလျက်ရှိတာဖြစ်ပါတယ်။

၎င်းမိသားစုရဲ့ ပြောဆိုချက်အရ မိခင်နိုင်ငံ ဇင်ဘာဘွေမှာ လက်ရှိပြီးခဲဲ့တဲ့ ကာလက သမ္မတဟောင်း ရောဘတ် မူဂါဘီ ပြုတ်ကျပြီး စစ်အာဏာသိမ်းမှု ဖြစ်ထားခဲ့တဲ့အတွက် ပြန်သွားဖို့ ကြောက်နေမိတယ်လို့ ပြောဆိုလျက်ရှိတယ်လို့လည်း သိရပါတယ်။

၎င်းမိသားစုကိုတော့ လက်ရှိသောင်တင်နေတဲ့ ကာလအတွင်း လေဆိပ်က အစားအစာတွေ ကျွေးပေးနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

ယခုအခါမှာတော့ ၎င်းမိသားစုကို ဇင်ဘာဘွေ ကို ပြန်ပို့မယ့်အစား ၎င်းတို့ကို လက်ခံပေးလိုတဲ့ နိုင်ငံတွေဆီ ရောက်အောင် ညှိနှိုင်းပေးဖို့ စီစဉ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly