လူငယ်နဲ့ အနုပညာခံစားမှု ၁

ဒီဇင်ဘာ ၃၀ ။             ။ ဒီအကြောင်းအရာကိုဆွေးနွေးရတာ နည်းနည််းတော့ ခက်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ အနုပညာခံစားမှုဆိုတဲ့အကြောင်းအရာက လူတွေရဲ့အသိစိတ်ဓါတ်တစ်ခု၊ အတတ်ပညာတစ်ခုအပေါ်မှာ မူမတည်ပဲ လူတွေရဲ့နှလုံးသားအပေါ်မူတည်စဉ်းစားရတဲ့ကိစ္စ ဖြစ်တာမို့ နည်းနည်းတော့ ခက်တယ်လို့ ပြောလိုက်တာပါ။ နှလုံးသားခံစားမှုဆိုတာမှာလည်း ထပ်ပြီး ခွဲခြမ်းကြည့်မယ်ဆိုရင် ကိုယ်တစ်ဦးတည်းအတွက် နှလုံးသားခံစားမှုနဲ့ အများအတွက် နှလုံးသားခံစားမှုရယ်လို့ ရှိလာနိုင်ပါသေးတယ်။

         ဘာပြုလို့ နှလုံးသားခံစားမှုကို အရင်ဦးစွာပြောနေရတာလဲ။ အနုပညာခံစားမှုဆိုတဲ့ ခံစားမှုအမျိုးအစားက အဲဒီ နှလုံးသားခံစားမှု အထူအပါးအပေါ်မူတည်ပြီး ဖြစ်ပေါ်လာနေတာဖြစ်လို့ နှလုံးသားခံစားမှုကို အရင်ပြောရတာပါ။

       လူဟာ ငယ်စဉ်ကတည်းက နှလုံးသားခံစားမှု ရှိပါတယ်။ နှလုံးသားခံစားမှုကြောင့်လည်း အနုပညာခံစားမှု ရှိလာပါတယ်။ အဲဒီ နှလုံးသားခံစားမှုအပေါ်မူတည်ပြီး အနုပညာခံစားမှုရှိလာပြီး အနုပညာဆိုတာကို ဖန်တီးချင်လာတာပါပဲ။

       ဥပမာ လမ်းဘေးမှာ သူဖုန်းစားတစ်ယောက် ထိုင်ပြီး ပိုက်ဆံတောင်းတယ်ဆိုပါတော့။ သူက ကတ်စက္ကူတစ်ခုပေါ်မှာ “ကျနော်ဟာ မျက်စေ့မမြင်တဲ့ ဒုက္ခိတတစ်ဦးဖြစ်ပါတယ်။ ကူညီကြပါခင်ဗျာ” လို့ရေးပြီး ပိုက်ဆံတောင်းပါတယ်။ တနေ့တော့ သူ့ရှေ့ကဖြတ်ပြီး ပန်းချီဆရကြီးဗန်ဂိုးက လမ်းလျှောက်သွားပါတယ်။ ရပ်ပြီးစဉ်းစားပါတယ်။ သူဖုန်းစားကိုလည်း “ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ”လို့မေးပါတယ်။ ပြီးတော့မှ သူ့မှာပါလာတဲ့ခဲတံနဲ့ သူဖုန်းစားရဲ့စာကို ပြန်ပြင်ရေးပေးခဲ့ပါတယ်။ အဲဒီနေ့ကစပြီး သူဖုန်းစားဟာ ယခင်နေ့တွေတုန်းကထက်ပိုပြီး ပိုက်ဆံတွေအများကြီး ပိုရလာခဲ့တယ်လို့ ဆိုပါတယ်။ ဘာပြုလို့လည်း ဆိုတော့ သူဖုန်းစားရဲ့ ကတ်စက္ကူပေါ် စာအသစ်ပြင်ပေးလိုက်တဲ့စာက “ကျနော် နွေဦးကိုမမြင်ဘူးတာ အသက်သုံးဆယ်ကျော်ပါပြီ” ဆိုတဲ့စာတန်းလေးကြောင့်ပါပဲ။ သူဖုန်းစားရှေ့ကဖြတ်သွားကြတဲ့သူတွေဟာ အဲဒီအနုပညာမြောက်စွာရေးထားတဲ့စာတန်းလေးပေါ်မူတည်ပြီး သူဖုန်းစားကို ပိုပြီး ကိုယ်ချင်းစာသွားကြရတယ်။ သူ့ဘဝနဲ့ သူ့ဒုက္ခကို ပိုပြီးနားလည်သွားရတယ်။ ကူညီချင်စိတ်တွေဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

       အဲဒါ ကိုယ်ချင်းစာစိတ်ကဖြစ်ပေါ်လာတဲ့ အနုပညာဖန်တိီးမှုတစ်ခုပါပဲ။ ဒါဆိုရင် လူငယ်တွေဟာ ကိုယ်ချင်းစာစိတ်အပေါ်မူတည်ပြီးဖြစ်လာတတ်တဲ့ အနုပညာခံစားမှုဆိုတာကို နားလည်လက်ခံလောက်ပြီလို့ ထင်ပါတယ်။

       တဆင့်တက်ပြီးစဉ်းစားကြည့်ဖို့ လိုလာပြန်ပါတယ်။ ကိုယ်ချင်းစာစိတ်ဟာ လူတိုင်းမှာ ရှိတော့ရှိတယ်။ ဒါပေမယ့် ရှိပုံချင်းက မတူကြပြန်ဘူး။ နည်းနည်းရှိတာနဲ့ များများရှိတာ ကွာပြန်ပါတယ်။ နည်းနည်းရှိတဲ့သူက အနုပညာကို ခံစားတာတော့ ခံစားတတ်ပါတယ်။ ဒါပေမယ့်သူက ကိုယ်ချင်းစာစိတ် သိတ်မရှိတော့ အနုပညာခံစားမှုက သူ့အတွက်ပဲဖြစ်လာစေပြီး သူများအတွက် ဖဲ့မပေးချင်တဲ့သူ သူတစ်ဦးတည်းပဲ အနုပညာခံစားချင်တဲ့သူ ဖြစ်နေတတ်ပါတယ်။

       အဲ တချို့ကြတော့ ကိုယ်ချင်းစာစိတ်က သာမာန်ထက်ပိုရှိ ပိုထားတတ်သူဖြစ်တော့ အနုပညာကို အလေးအနက်ခံစားတတ်ကြပြီး လေးနက်တဲ့အဲဒီအနုပညာခံစားမှုကို သူတစ်ယောက်ထဲအတွက်တင်မက အများသူငါကိုပါ ဆင့်ပွားခံစားနားလည်ရအောင် ကြိုးစားတဲ့ တကယ့်အနုပညာရှင်ကြီးတွေဖြစ်လာကြရတယ်ဆိုပါတော့။

       ဥပမာထပ်ပြောရရင် ကမ္ဘာပေါ်က လူဆိုးလူကြမ်းကြီးတွေဖြစ်တဲ့ ဟစ်တလာတို့လို၊ ကမ္ဘောဒီးယားက ပိုပေါ့တို့လို၊ သူ့ကိုဆန့်ကျင်တဲ့သူတင်မက ဘာမှမသိ ဘာမှမသက်ဆိုင်တဲ့သူ သန်းပေါင်းများစွာကိုပင် မီးလောင်တိုက်သွင်းခဲ့တဲ့ အိုက်ခ်မန်း တို့လို၊ ပြည်သူတွေကို ဓါးမိုးအုပ်ချုပ်ရတာကိုပဲ  အရသာယူဂုဏ်ယူတတ်တဲ့ ကဒပ်ဖီ လိုလူသည်ပင်လျင် အနုပညာခံစားမှု ကိုယ်စီရှိကြတတ်ကြပါတယ်။ ဟစ်တလာဆိုရင် ကမ္ဘာကျော်  စာပေနိုဗယ်လ်ဆုရှင် ရာဘင်ဒြာနတ် တဂိုးကို တလေးတစားဖိတ်ကြားဧည့်ခံဂုဏ်ပြုတာမျိုး၊ ပိုပေါ့ဆိုရင် ၀တ္ထုတွေရေးခဲ့တာမျိုး၊ ကဒပ်ဖီက ကဗျာရေး။ အဲသလိုတော့ အနုပညာခံစားမှု အမျိုးမျိုး အသီးသီး ရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် သူတို့က အနုပညာခံစားမှုကို သူတို့အတွက် ခံစားခဲ့ကြတာပါ။ နန်းတော်တမျှ အဆောက်အဦးကြီးတွေဆောက်ပြီး ရုပ်တုတွေ ပန်းခြံတွေနဲ့ သူတို့ဖါသာ တသီးတသန့် ကန့်ပြီး လက်ဝါးကြီးအုပ်ပြီးခံစားကြတဲ့ အတ္တအနုပညာခံစားမှုမျိုးလောက်ပဲ ရှိတတ်ကြတဲ့သူတွေပါ။ ဒါကြောင့်မို့ သူတို့ဟာ ကိုယ်ချင်းစာစိတ် မလေးနက်ခဲ့ကြသူတွေဖြစ်ကြရပါတယ်။ ကိုယ်ချင်းစာစိတ် ကျဉ်းခဲ့ကြရပါတယ်။ ကိုယ်ချင်းစာစိတ် သေးသိမ်နည်းပါးကြသူတွေ ဖြစ်ရပါတယ်။

       သူဖုန်းစားကို အနုပညာမြောက်တဲ့ စာကလေးရေးပြီး ကူညီခဲ့တဲ့ ကမ္ဘာကျော်ပန်းချီဆရာကြီး ဗန်ဂိုးကတော့ ကိုယ်ချင်းစာစိတ် ကြီးမားလေးနက်သူဖြစ်တာမို့ သူကိုယ်တိုင်က အနုပညာခံစားစိတ်ကြီးသူဖြစ်လာတဲ့အပြင် အဲဒီစိတ်အပေါ်မူတည်တဲ့ အနုပညာကိုယ်တိုင်ဖန်တီးသူ ဖြစ်လာရတာပါ။ ဗန်ဂိုးဟာ တကယ့်အနုပညာမြောက်လှတဲ့ ပန်းချီကားတွေ ကမ္ဘာကြီးအတွက် ထားခဲ့သူပါ။

       လူငယ်ဆိုတာလည်း လူသားတွေဖြစ်ကြတာမို့ ကိုယ်ချင်းစာစိတ် ကိုယ်စိီရှိကြတာ အမှန်ပါပဲ။ ကိုယ်ချင်းစာစိတ်နည်းသူနဲ့ ကိုယ်ချင်းစာစိတ် ကြွယ်ဝသူရယ်လို့ ကွဲပြားသွားကြတာပဲ ရှိတာပါ။
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက် ရှိလာပါတယ်။ ကိုယ်ချင်းစာစိတ်ကို လေ့ကျင့်မွေးမြူပေးလို့ မရဘူးလားဆိုတဲ့စကားပါပဲ။ ဒီစကားကြောင့်ပဲ ဒီကနေ့ လူငယ်နဲ့အနုပညာခံစားမှု ဆိုတဲ့ခေါင်းစဉ်ကို ကျနော် ခေါင်းစဉ်တပ်ခဲ့တာပါ။

       ပြောစရာတစ်ခုတော့ ရှိပါတယ်။ လူတွေရဲ့ဗီဇစိတ်ဓါတ်ဆိုတဲ့စကား။ ဒါကိုလည်း ထည့်သွင်းစဉ်းစားရမှာကတော့ ရှိပါတယ်။ သို့ပေမယ့်လည်း ဘယ်လိုပင် ဗီဇစိတ်ရှိသည်ဖြစ်ပစေ အနုပညာခံစားမှုစိတ်ကို တကယ်အသိရှိရှိ မွေးမြူလေ့ကျင့်မယ်ဆိုရင် ဘယ်လူငယ်မဆို အနုပညာခံစားမှု ရင့်ကျက်လာနိုင်စေပြီး လူတွေကို ကိုယ်ချင်းစာတဲ့စိတ် ပိုပြီး ရှိလာနိုင်စေတာကလည်း အမှန်ပါပဲ။
ကျနော်တို့ မကြာခဏကြားဖူးတဲ့ ကြေးညီနောင်ပုံပြင်လိုပါပဲ။ လူငယ်တွေ ကိုယ်ချင်းစာနာစိတ် အနုအရင့်အပေါ်မူတည်ပြီး အနုပညာခံစားမှု အနည်းအများ ကွဲပြားလာကြတာ အမှန်ပါပဲ။
ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

       နောက်တစ်နေ့ကြရင်တော့ လူငယ်တွေ ငယ်စဉ်ကတည်းက အနုပညာခံစားမှုစိတ် ဘယ်လိုရင့်သန်ထက်မြက်အောင်လုပ်သင့်သလဲဆိုတာ ဆက်ပြီးဆွေးနွေးပါအုန်းမယ်။
ကျနော်တို့ နောက်တစ်နေ့မှာ ပြန်ဆုံကြသေးတာပေါ့ဗျား.    ။

 

Mizzima Weekly