တောင်အာဖရိကသမ္မတ ဇူးမားကို ပါလီမန်က စွပ်စွဲပြစ်တင်သွားရမည်ဟု နိုင်ငံ၏ အမြင့်ဆုံးတရားရုံး ဆုံးဖြတ်

တောင်အာဖရိကသမ္မတ ဇူးမားကို ပါလီမန်က စွပ်စွဲပြစ်တင်သွားရမည်ဟု နိုင်ငံ၏ အမြင့်ဆုံးတရားရုံး ဆုံးဖြတ်

ဒီဇင်ဘာ ၃၀ ။            ။ နိုင်ငံတော်ပိုင်ငွေကြေးများဖြင့် ကိုယ်ပိုင်နေအိမ်ကို ပြုပြင်မွမ်းမံထားခဲ့သည် ဆိုသည့် အရှုပ်တော်ပုံကိစ္စနှင့်ပတ်သက်၍  ပါလီမန်က သမ္မတ ဂျက်ကော့ဘ် ဇူးမားကို တာဝန်ခံခိုင်းရန် ပျက်ကွက်ခဲ့ကြောင်း တောင်အာဖရိက နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်လိုက်သည်။

ယခုအခါ ဇူးမားကို ရာထူးမှ ဖယ်ရှားပစ်နိုင်မည့် စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ်များကို ပါလီမန်က စတင်လုပ်ဆောင်သွားရလိမ့်မည်ဟုလည်း ယင်းတရားရုံးက ဆုံးဖြတ်လိုက်သည်။

တောင်အာဖရိက ပါလီမန် ဥက္ကဌအနေဖြင့် ပေါ်ပေါက်ထားခဲ့သည့် အရှုပ်တော်ပုံကိစ္စတွင် သမ္မတ ဇူးမားအပေါ် ပြစ်တင်စွပ်စွဲနိုင်မည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု ဆိုပြီး အတိုက်အခံပါတီများက ဖွဲ့စည်းပုံ ခုံရုံးသို့ တက်ကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဇူးမားအနေဖြင့် နိုင်ငံအရှေ့ပိုင်း KwaZulu-Natal ဒေသတွင်ရှိသည့် ၎င်း၏ နေအိမ်ကို ပြုပြင်မွမ်းမံရာတွင် အစိုးရပိုင် ငွေ ဒေါ်လာ ၁၅ သန်းကို အလွဲသုံးစားလုပ်ထားခဲ့သည်ဆိုသည် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

ယင်း ငွေကြေးများကို အစိုးရထံ ပြန်အပ်ရန် ငြင်းဆန်ခြင်းဖြင့် သမ္မတ ဇူးမားသည် ကျမ်းကျိန်စဉ်က ကတိပေးထားမှုများကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိရကြောင်း ယမန်နှစ်က ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်ထားခဲ့သည်။

" ပါလီမန်အနေနဲ့ ဒီကိစ္စမှာ သမ္မတကို တာဝန်ခံခိုင်းခဲ့ခြင်းမရှိပါဘူး၊ ဒါဟာ ဖွဲ့စည်းပုံကို ချိုးဖောက်ရာ ကျပါတယ်၊ ဒါကြောင့် လွှတ်တော်အနေနဲ့ ခုက စပြီး ဖွဲ့စည်းပုံအတိုင်းလိုက်နာပြီး သမ္မတကို စွပ်စွဲပြစ်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းတွေကို ချက်ချင်းလုပ်သွားရပါလိမ့်မယ်" ဆိုပြီး တောင်အာဖရိက ဖွဲ့စည်းပုံ ခုံရုံး တရားသူကြီး ခရစ် ဂျက်ဖ်တာက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly